29 C
Yangon

တရုတ်က KIO/KIA ကို စစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးရန် အကြံပြုပြီး တိုက်ပွဲများ မဖော်ဆောင်ရန် ပြောလာဟုဆို

Must read

ရန်ကုန်၊ မတ် ၁၁

တရုတ်က KIO/KIA ကို စစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးရန် အကြံပြုလာသော်လည်း အမှန်တကယ် နိုင်ငံရေးအပြောင်းအလဲဖြစ်နိုင်သော ဆွေးနွေးမှုမျိုးဖြစ်လာနိုင်မှသာ ဆွေးနွေးပွဲများ ဖြစ်လာနိုင်စရာ အကြောင်းရှိကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း KIO/KIAမှ တာဝန်ရှိသူများနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များအကြား တွေ့ဆုံခဲ့စဉ် တရုတ်ဘက်က စစ်တပ်နှင့်ဆွေးနွေးရန် အကြံပြုလာပြီး ဖိအားပေးခြင်းမျိုးမဟုတ်ကြောင်း၊ KIO/KIA အနေဖြင့်လည်း နိုင်ငံရေးဆွေးနွေးရန် မူဝါဒရှိကြောင်း၊ သို့ရာတွင် လက်တွေ့ အမှန်တကယ် နိုင်ငံရေး အပြောင်းအလဲဖြစ်နိုင်သော ဆွေးနွေးမှုမျိုးဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ KIOလူကြီးတွေနဲ့ တရုတ်ကိုယ်စားလှယ်တွေ လစဉ် ပုံမှန် တွေ့ဆုံတာရှိပါတယ်။ ၁ လ တစ်ခါ၊ ၂ လ တစ်ခါ တွေ့ဆုံတာမျိုးရှိတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံမှာ တရုတ်ဘက်က အဓိက မေးတာက မြစ်ကြီးနားလေဆိပ်မှာဖြစ်တဲ့ တိုက်ခိုက်မှုကိစ္စကို အဓိကမေးတာဖြစ်ပါတယ်။ နောက်ပြီး တရုတ်နှစ်သစ်ကူး နဲ့ မတ်လ သူတို့ဆီမှာ အစည်းအဝေးတွေ ရှိတော့ နယ်စပ်ဒေသမှာ တည်တည်ငြိမ်ငြိမ်နဲ့ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောတယ်။ နောက်တစ်ခုကတော့ စစ်ကော်မရှင်နဲ့ ဆွေးနွေးဖို့ အကြံပြုတယ်။ ဖိအားပေးတာမဟုတ်ဘူး။ကျနော်တို့ကလည်း ကျနော်တို့မှာ ဆွေးနွေးဖို့ မူဝါဒရှိတယ်ဆိုတာ ပြန်ပြောတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

စစ်တပ်နှင့် ဆွေးနွေးရန်ဆိုသည်မှာ အမှန်တကယ် နိုင်ငံရေး အပြောင်းအလဲ များဖြစ်နိုင်သော ဆွေးနွေးပွဲများ ဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အပြောင်း အလဲ ဖြစ်နိုင်သော ဆွေးနွေးပွဲများ ဖြစ်မည်ဆိုပါက တက်ရန် အဖွဲ့များ ယခင်ကတည်းက ဖွဲ့စည်းထားရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

လတ်တလော ကချင်ပြည်နယ်၊ ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့် အပါအဝင် စစ်တပ်၏ အဓိက နေရာများ၊ စစ်ကိုင်းတိုင်းအတွင်း နေရာများစွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွား နေကြောင်း ၊ စစ်တပ်က ထိုးစစ်များ ဆင်နွှဲနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article