ရန်ကုန်၊ မတ် ၁၂
NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း အချက် ၉ ချက်သဘောတူညီခဲ့ကာ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ဝင်များနှင့်စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နှင့်စပ်လျဥ်း၍ ဆွေးနွေးကြရာ သဘောတူညီချက် ၉ ရပ် ချမှတ်နိုင်ခဲ့ပြီး ကျန် ရှိ နေသော ကဏ္ဍများအပေါ်တွင်လည်း ပြင်ဆင်ရန်လိုအပ်သည့်အချက်များ၊ ဖြည့်စွက်ရန်လို အပ် သည့်အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာဆွေးနွေး တိုင်ပင်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက် တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာ နာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်စောဖူးနှင့် ရုံးအဖွဲ့ဝင်များတက်ရောက် ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးစိုးဦး၊ ၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချုပ် ဦးအောင်ချစ် ညို နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။




