ရန်ကုန်၊ မတ် ၁၆
အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် လွှတ်တော်ဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရယူရေးကြိုး ပမ်းမှုကို တန်ပြန်တုံ့ပြန်ရန် အထူးလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး-NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးသို့ တက်ရောက်စဉ် NUG ယာယီသမ္မတက ထိုသို့ သတိပေးတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်လွှတ်တော်ဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ရယူရန် ကြိုး ပမ်းနေမှုအပေါ် သမားရိုး ကျ ဖြစ်စဉ်တစ်ခုဟု မယူဆဘဲ လေးလေးနက်နက် တွေးဆကာ တန်ပြန်တုံ့ပြန်ရန် အထူးလိုအပ်ကြောင်း၊ ရှေ့ဆက်မည့် ကာလများတွင် တော်လှန်ရေးပုံစံနှင့် ကိုက်ညီသည့် လွှတ် တော်ဖြစ်အောင် ပုံဖော်ကြရန် အလေးအနက် တိုက်တွန်းထားသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးကာလနဲ့ သင့်တော်အပ်စပ်တဲ့ လွှတ် တော်မျိုးကို ပိုမို ဖော်ဆောင်လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အခြေအနေနဲ့ အချိန်အခါကို သတိ ထားပြီး၊ လက်တွေ့ကျတဲ့ လွှတ်တော်အခင်း အကျင်းမျိုး ဖော်ဆောင်ဖို့လည်း လေးနက်စွာ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် တော်လှန်ရေးကာလသည် လှိုင်းထန်လေထန်သည့် ကာလဖြစ်သည့်အတွက် လက်တွေ့ကျသော အခင်းအကျင်းများကို အလေးထားရန်လည်း ဖြည့်စွက်ပြောဆိုသည်။
လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံမျိုး အကောင်အထည်ပေါ်လာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ အချိန်အများကြီး ရင်းနှီးမြှုပ်နှံကာ အား သွန်ခွန်စိုက် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ စုဖွဲ့မှုသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်း ဖြစ်လာမည်ဟု ယာယီသမ္မတက ပြောသည်။
မဟာမိတ်ပေါင်းစည်းမှုနှင့် ပတ်သက်၍လည်း ယာယီသမ္မတက “နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန် ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေကြပါတယ်” ဟု ဆိုသည်။
အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း စနစ်တကျ လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ရှေ့ဆက်လုပ်ဆောင်ရမည့် ကျယ်ပြန့်သော လုပ်ငန်းစဉ်များလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီကဲ့သို့ အစုအဖွဲ့များ ဖြစ်မြောက်လာစေရန်နှင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြပါရန် ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံ တိုက်တွန်းသည်။




