ရန်ကုန်၊ မတ် ၁၇
အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသော တရားမဝင်လွှတ်တော်ကို အပြင်းအထန်ရှုတ်ချကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်သည်သာ ယနေ့တိုင် တရားဝင်မှုရှိနေဆဲဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၆ ရက်နေ့တွင် အဆိုတင်သွင်း အတည်ပြုလိုက်သည်။
မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး၌ ဤဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ အချက်အလက်နှင့် ဥပဒေကြောင်းအရ စစ်ကောင်စီ၏ နိုင်ငံရေးအစီအမံများသည် တရားဝင်မှု လုံးဝမရှိကြောင်း ထောက်ပြထားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ပြီး နိုင်ငံတကာကလည်း ပြည်သူ့ဆန္ဒထင်ဟပ်သည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း၊ ထိုရလဒ်ကြောင့် ရွေးကောက်ခံကိုယ်စားလှယ်များသည်သာ ပြည်သူ့ထံမှ ဆင့်လွှဲအာဏာကို ကိုင်ဆောင်ထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည် ပြည်သူ့အာဏာကို အဓမ္မရယူပြီး ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ရွေးကောက်ပွဲကို အကြောင်း ပြနေသော်လည်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၇ မြို့နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ ကျန်မြို့နယ်များတွင်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂,၉၀၀ ကျော်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း အချက်အလက်များဖြင့် ထုတ်ဖော်ထားသည်။
“အကြမ်းဖက် စစ်ကော်မရှင်ဟာ၊ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ် တော် ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်,လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းထားပြီးဖြစ်သဖြင့် ယင်းဥပဒေအရ လုပ်ဆောင်သည့် မည်သည့်နိုင်ငံရေးအစီအမံမှ တရားဝင်မည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတိ အလင်း ကြေညာသည်။
ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသို့လည်း တိုက်တွန်းတောင်းဆိုချက်များ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ တရားမဝင်လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုရန်နှင့် သံတမန်ရေးအရ ဆက်ဆံမှုမလုပ်ရန်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး တက်ကြွစွာ ဆောင်ရွက်ပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများကိုသာ မြန်မာနိုင်ငံ၏ တရားဝင်အကျိုးသက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၍ ကူညီပံ့ပိုးပေးရန် တောင်းဆိုသည်။
ယင်းအပြင် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသည့် စစ်အုပ်စု၏ ငွေလိမ်လုပ်ငန်းနှင့် ရာဇဝတ်မှုများကို ဟန့်တားနိုင်ရေးအတွက် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မည်သည့်တော်လှန်ရေးအင်အားစုနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နောင်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးစီးချိန်မှသာ ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက သန္နိဋ္ဌာန်ပြု ထုတ်ပြန်သည်။









