34 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံဘက်သို့ မှောင်ခိုပို့မည့် ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ မတ် ၂၃

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် နယ်စပ်ဒေသတွင် မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်ရန် ပြင်ဆင်နေသည့် ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ တင်ဆောင်လာသော ဆီတင်ယာဉ်တစ်စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ သောင်ရင်းမြစ်ကမ်းဘေးတွင် သံသယဖြစ်ဖွယ် ဆီတင်ယာဉ်တစ်စီး ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် အကောက်ခွန်အရာရှိများ ပူးပေါင်းကာ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ အဆိုပါ ဆီတင်ယာဉ်သည် သဘာဝအောက်လမ်း (တရားမဝင်ဂိတ်) မှတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်ခြမ်းရှိ ကာစီနိုဝိုင်းများအနီးသို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အာဏာပိုင်များသည် ဆီတင်ယာဉ်မောင်းနှင့်အတူ ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ ဆီတင်ယာဉ်သည် မဲဆောက်မြို့ပေါ်ရှိ စက်သုံးဆီဆိုင် အများအပြားကို ကျော်ဖြတ်ကာ ဆီဆိုင်မရှိသည့် နယ်စပ်မြစ်ကမ်းဘေး အလုပ်ရှုပ်သောနေရာသို့ ဦးတည်သွားနေခြင်းကို ဒေသခံများက သတိပြုမိခဲ့ခြင်း ဖြစ်သည်။

“စစချင်းတော့ ဆီဆိုင်တွေအတွက် ဆီလာချပေးတာထင်လို့ ဝမ်းသာနေကြတာ၊ ဒါပေမဲ့ ဆီဆိုင်တွေအကုန်ကျော်ပြီး မြစ်ဘက်ကို မောင်းသွားတာ မြင်ရတော့မှ သံသယဖြစ်ပြီး တိုင်ကြားခဲ့တာပါ” ဟု ထိုင်းပြည်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တာ့ခ်ခရိုင်အတွင်းရှိ နယ်စပ်မြို့နယ် ၅ ခုတွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး၊ ဒေသခံများသည် ဆီဆိုင်များတွင် ကီလိုမီတာနှင့်ချီကာ တန်းစီစောင့်ဆိုင်းနေရသည့် အခက်အခဲများ ရှိနေသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံဘက်ခြမ်း၌ စက်သုံးဆီ အလွန်အမင်း ရှားပါးနေသဖြင့် ယခုကဲ့သို့ နယ်စပ်မှတစ်ဆင့် တရားမဝင် မှောင်ခိုပို့ဆောင်မှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက နယ်စပ်တစ်လျှောက် တရားမဝင် စက်သုံးဆီ မှောင်ခိုပို့ဆောင်မှုများကို အရှိန်အဟုန်မြှင့် တားဆီးနှိမ်နင်းရန် သက်ဆိုင်ရာ ဌာနအားလုံးကို အမိန့်ထုတ်ပြန် ညွှန်ကြားထားကြောင်း သိရသည်။

ကိုးကား- Thai PBS ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article