ရန်ကုန်၊ မတ် ၂၃
နေပြည်တော်၊ ပျဉ်းမနားမြို့အနီး ဗဟိုပြု၍ အင်အား ၄.၄ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG အစိုးရ လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောကြားချက်အရ သိရသည်။
ယနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၁၄ မိနစ်ခန့်တွင် နေပြည်တော်၊ ပျဥ်းမနားမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုမြေငလျင် လှုပ်ခတ်မှုကို ပြည်သူများ သိသာစွာ ခံစားခဲ့ရပြီး အထပ်မြင့်တိုက်များနှင့် နေအိမ်ပေါ်မှ ဆင်းပြေးသူ တချို့လည်းရှိကြောင်း သိရသည်။
“ပျဉ်းမနားမှာတော့ ငလျင်လှုပ်တာ သိသိသာသာ ခံစားရတယ်။ အိမ်ပါ လှုပ်သွားတာ အထပ်မြင့်တိုက်ပေါ်က ပြည်သူတချို့တော့ကြောက်လန့်ပြီး လမ်းပေါ် ထွက်ပြေးတာတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ပြည်သူများ ငလျင်အန္တရာယ်ကို အကြီးအကျယ် စိုးရိမ်နေကြခြင်းဖြစ်သည်။
ဓာတ်ပုံ – စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပျက်စီးသွားသော အကြမ်းဖက် လွှတ်တော် အဆောက်အဦး (ပုံအဟောင်းဖြစ်သည်)





