27 C
Yangon

မလှိုင်၊ ဒီပဲယင်း-ရေဦးအစပ်နှင့် ထီးလင်းမြို့နယ် တို့ကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၆

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အနောက်ဘက်ရှိ ညောင်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက မလှိုင်မြို့နယ် အနောက်ဘက် ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အသက် ၅၅ နှစ်အရွယ် အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၁ဦး နှင့် အသက် ၃၀နှစ်အရွယ် အမျိုးသားတို့ သေဆုံးခဲ့ကာ အမည်စာရင်းများကို ဆက်လက်စုံစမ်းနေကြောင်း၊ ထို့ပြင် အသက် ၁၃ နှစ် အရွယ် ကလေးငယ် ၁ ဦးလည်း ထိခိုက် ဒဏ်ရာရှိခဲ့ပြီး နေအိမ် ၈ လုံးနှင့် ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေရာက ဘယ်စစ်ပွဲမှ မဖြစ်ဘူးပါဘူး။ ညောင်းကုန်းရွာလယ်ခေါင်ကိုကျတာပါ။ စစ်ခွေးတွေ ဗုံးကျဲသွားလို့ ညောင်ကုန်းကျေးရွာမှာနေတဲ့ အသက် ၅၅ နှစ်ဝန်းကျင် အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀နှစ်အရွယ် အမျိုးသားတို့ ဗုံးထိမှန်ပြီး နေရာတင် သေဆုံးတယ်။ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအနောက်ခြမ်းဇုံ သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်မှ စတင်ပြီး မွန်း ၃ နာရီခန့်အထိ အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲ လေတပ်နှင့် တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးသည် ဂေါင်းစမရွာနှင့် သစ်ရအိုက်ရွာ အနီးတို့ကို ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ တောတောင်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ထိခိုက်မှုမရှိသော်လည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဘာသတင်းရပြီးဗုံးလာကျဲလည်း မသိဘူး။ အဲ့ဘက်မှာ စစ်ခွေးစစ်ကြောင်းကော တိုက်ပွဲဖြစ်တာကော မရှိပါဘူး။ကျေးရွာတွေအတွင်းကို ကျဲသွားတာတော့ မဟုတ်ဘူး။ တောတိုက်တွေရှိတဲ့ ဘက်ကို ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး” ဟု ရေဦးအနောက်ခြမ်းဇုံ သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကဇွန်းထောင့်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်ခန့်တွင် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ထီးလင်းမြို့နယ်၊ ကဇွန်းထောင့်ရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို တိုက်ခိုက်မှုအတွင်း မောချောင်းအရှေ့ဘက်ခြမ်းရှိ ကဇွန်းထောင့်ရွာ (ရွာသစ်) အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း၊ ပြည်သူများ မွေးမြူထားသော နွား ၁ ကောင်နှင့် ဝက် ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးက ကန်စွန်းထောင့်ရွာက အသက်ကြီးပိုင်း အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးကြီး ၁ ဦးလို့ သိရတယ်။ အမျိုးသားက ပေါင်ကို ဗုံးစထိမှန်တာ အမျိုးသမီးကတော့ လက်မောင်းကို ထိမှန်တာ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article