26 C
Yangon

မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့

Must read

ရန်ကုန်၊ မတ် ၂၉

မြန်မာနိုင်ငံတွင် ပိတ်လှောင်ခံရပြီး တရားမဝင်အလုပ်များကို အဓမ္မစေခိုင်းခံခဲ့ရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို မတ်လ ၂၈ ရက်နေ့တွင် ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဟောင်ကောင်လုံခြုံရေးဗျူရို (Security Bureau) က ယမန်နေ့ စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဟောင်ကောင်နိုင်ငံသားသည် မြန်မာနိုင်ငံအတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရစဉ် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး၊ ဟောင်ကောင်အထူးအဖွဲ့၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးများ၊ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ဖြင့် ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို စနေနေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ပေးခဲ့သည်။

ကယ်တင်ခြင်းခံရသော ဟောင်ကောင်နိုင်ငံသားက “ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်တစ်ကားကို ကိုယ်တိုင်ကြုံတွေ့နေရသလို ခံစားခဲ့ရကြောင်း” ပြောဆိုခဲ့ပြီး ၎င်းကို ကယ်တင်ပေးခဲ့သည့် အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“ဒီဟောင်ကောင်နိုင်ငံသားက သူဖြတ်သန်းခဲ့ရတဲ့ ရက်အနည်းငယ်ဟာ ထိတ်လန့်ဖွယ်ရုပ်ရှင်တစ်ကားကို ကြုံတွေ့ခဲ့ရသလိုပဲလို့ ပြောပါတယ်။ သူ့ကို အကျဉ်းအကျပ်ထဲကနေ ကယ်ထုတ်ဖို့ ထိုင်းနိုင်ငံအထိ လာရောက်ခဲ့တဲ့ အထူးလုပ်ငန်းအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်” ဟု ဟောင်ကောင်လုံခြုံရေးဗျူရို (Security Bureau) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း၏ မိသားစုဝင်များကလည်း အဆိုပါဖြစ်ရပ်မှာ “တန်ဖိုးရှိသော သင်ခန်းစာတစ်ခု” ရရှိခဲ့ကြောင်းနှင့် မြန်ဆန်ထိရောက်သော ကယ်ဆယ်ရေးအတွက် ချီးကျူးခဲ့ကြသည်။

ဟောင်ကောင်လုံခြုံရေးဗျူရိုမှ အစိုးရလုံခြုံရေးအရာရှိ Joe Chan ဦးဆောင်သောအဖွဲ့သည် လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး ထိုင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ATPD) မှ ရဲချုပ် Police Major General Vitthaya Sripasertpap နှင့် တွေ့ဆုံကာ ကယ်တင်ခံရသူအား ဟောင်ကောင်သို့ အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

ဟောင်ကောင်အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်မှစတင်ကာ အရှေ့တောင်အာရှနိုင်ငံများတွင် ပိတ်လှောင်ခံရပြီး အဓမ္မစေခိုင်းခံရသည့် ဟောင်ကောင်နိုင်ငံသား ၃၂ ဦးထံမှ အကူအညီတောင်းခံမှုများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် ယခုနောက်ဆုံးကယ်တင်ခံရသူအပါအဝင် ၂၉ ဦးမှာ ဟောင်ကောင်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article