31 C
Yangon

ဖက်ဒရယ် ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံး အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဟု NUG ယာယီသမ္မတ ပြော

Must read

ရန်ကုန်၊ မတ် ၃၁

ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မ တော်ဆီသို့ ဦးတည်ပြီး လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလကထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဖွဲ့စည်းခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါကောင်စီမှတစ်ဆင့် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်၌ ထားရှိကာ စနစ်ကျနသော ဖက်ဒရယ်တပ်မတော် ပေါ်ထွန်းလာရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုအသစ်ဖွဲ့စည်းလိုက်သည့် ဦးဆောင်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် လူထုကိုယ်စားလှယ်များ စုပေါင်းပါဝင်သည့် ကျယ်ပြန့်သော နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်စုဖွဲ့မှုဖြစ်သည်။

တော်လှန်ရေးအင်အားစုများအကြား စစ်ရေးအရ စုစည်းကွပ်ကဲရန်နှင့် အမျိုးသားညီညွတ်မှုကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်သည့် မဟာဗျူဟာမြောက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။

ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အရပ်သားအုပ်ချုပ်မှုကို အကောင်အထည်ဖော်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်တွင် အပြည့်အဝထားရှိနိုင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။

ထို့ပြင် ဖက်ဒရယ်တပ်မတော် (Federal Army) ပေါ်ထွန်းလာရေးအတွက် စစ်ရေးအရ ကျစ်လစ်ခိုင်မာသော မဟာမိတ်အင်အားစုကို အခြေခံတည်ဆောက်မည်ဖြစ်ကြောင်း၊မဟာမိတ်တပ်ဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်မည်ဖြစ်ကြောင်းသူကဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့ စုစည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ တော်လှန်ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမယ်၊ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရမယ်” ဟု အလေးပေးပြောဆိုသည်။

လက်နက်ကိုင်လမ်းစဉ်နှင့် လူထုတော်လှန်ရေးကို ပေါင်းစပ်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း NUG ယာယီသမ္မတက ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article