ရန်ကုန်၊ ဧပြီ ၁
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတလုပ်ရန် လမ်းကြောင်းချနေသည့်အပေါ် စစ်လော်ဘီများ၊ ကြံ့ဖွတ်ပါတီဝင်များနှင့် တပ်အသိုင်းအဝိုင်းအကြား ထောက်ခံမှု မရှိဘဲ ဝေဖန်မှုများ မြင့်တက်လာနေကြောင်း သိရှိရသည်။
မတ်လ ၃၀ ရက်နေ့ စစ်ဦးစီးချုပ်ရာထူးမှ အနားယူပြီး မတ်လ ၃၁ ရက်နေ့ ကြံ့ဖွတ်ပြည်သူ့ လွှတ်တော်အစုအဖွဲ့က တင်မြှောက်သော ဒုတိယသမ္မတဖြစ်လာသည့် အကြမ်းဖက် မင်းအောင်လှိုင်မှာ သမ္မတလုပ်ရန် ရာနှုန်းပြည့်သေချာလာချိန်တွင် တပ်အသိုင်းအဝိုင်း၊ ကြံ့ဖွတ်ပါတီအသိုင်းအဝိုင်းနှင့် စစ်လော်ဘီများအကြားတွင် ထောက်ခံမှုမရှိဘဲ ဝေဖန်မှုများ မြင့်တက်လာနေခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုကို အာဏာထိန်းမှုအဖြစ် ၅ နှစ်တာလုံး ကာကွယ်ပြောဆိုခဲ့ပြီး မင်းအောင်လှိုင် သမ္မတလုပ်မည်မဟုတ်ကြောင်း လောင်းကြေးထပ်ခဲ့သည့် ဖင်လန်နိုင်ငံမှ စစ်လော်ဘီ မောင်မောင်က မင်းအောင်လှိုင်၏ သမ္မတရူး အိပ် မက် ထင်ရှားလာသောကြောင့် NLD အစိုး ရ၊ NUG အစိုးရ နှင့် တော်လှန်ပြည်သူ တစ်ရပ်လုံးကို ဝန်ချ တောင်းပန်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။
“သရုပ်ပျက်လွန်းတယ်။ တော်လှန်ရေးကို တောင်းပန်ပါတယ်။ NLD ကိုလည်းတောင်းပန်တယ်။ NLD အစိုးရကိုလည်းတောင်းပန်တယ်။ ရှုံးနိမ့်မှုက ခါးသီးပါတယ်။ အရှိတရားအတိုင်းဝန်ခံရမှာပဲ။ ရှက်ဖို့ကောင်းတယ်။ အာဏာလုတာ။ လူပုဂ္ဂိုလ်တစ်ယောက် အာ ဏာရူးတယ်။ ခင်ဗျားတို့တွေက ဆန္ဒထွက်ပြတယ်။ အေးဆေး ဆန္ဒပြထွက်ပြတာကို ကြမ်းတယ်။ ကြမ်းတဲ့အခါမှာ လူငယ်တွေက ငါတို့လက်နက်ကိုင်မှ ရတော့မယ်ဆိုတဲ့ အတွေးအမြင်မျိုးရအောင် မြန်မာနိုင်ငံကို ချောက်ထဲတွန်းပို့တယ်။ အဲဒီအခြေအနေမျိုးရောက်အောင် နိုင်ငံတစ်ခုကို ဖန်တီးယူတယ်။ နိုင်ငံဟာ စုတ်ပြတ်သွားတယ်။ ခေတ်ပျက်မှာ မင်းပျက် သမ္မတ ပျက် ဝင်လုပ်နေပါပြီ။ ဒါတွေအားလုံးက သူပဲ ဖန်ဆင်းတယ်။ သူပဲ ဖန်တီးခဲ့တဲ့အတွက်ကြောင့်မို့လို့ အခုအချိန်မှာ တောင်းပန်ရုံက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု စစ်လော်ဘီ မောင်မောင်က ဝန်ခံ ပြောဆိုသည်။
ယင်းအပြင် စစ်လော်ဘီ တယ်လီဂရန်ချန်နယ်ဖြစ်သော စစ်သတင်း ချန်နယ်ကလည်း မင်းအောင်လှိုင်အနေဖြင့် သမ္မတဖြစ်ချင်ပါက NLD အစိုးရနှင့် ညှိနှိုင်း၍ သမ္မတကြီး လုပ်သင့်ခဲ့ကြောင်း၊ တိုင်းပြည်နှင့်လူငယ်မျိုးဆက်ကို မဖျက်ဆီးသင့်ကြောင်း ထုတ်ဖော်ရေးသားထားသည်။
“အခုတော့ သမ္မတကြီးဖြစ်ဖို သေချာသွားပြီပေါ့။ သမ္မတလုပ်ချင်တာများ ၂၀၂၁ ခုနှစ် က တည်းက အနိုင်ရတဲ့ NLDနဲ့ညှိနှိင်း အပေးအယူလုပ်ပြီး သမ္မတကြီးသာလုပ်ခဲ့ရင် တိုင်း ပြည်လည်းမနာဘူး။ လူငယ်တွေလည်း စတေးခံခဲ့စရာမလိုဘူး။ ဒါကြောင့် လူကြီးတွေမိုက်ရင် လူငယ်တွေ လိုက်မမီဘူး ပြောကြတာပဲ” ဟု စစ်သတင်း လော်ဘီတယ်လီဂရန်ချန်နယ်က ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိသော နိုင်ငံရေးပါတီတစ်ရပ်က နိုင်ငံကို ဦးဆောင်ရမည်ဖြစ်သော်လည်း စစ်တပ်မှ စစ်ဦးစီးချုပ်က ရာထူးမှ အငြိမ်းစားယူကာ နိုင်ငံရေးရာထူးများကို ရယူခြင်းမှာ ဒီမိုကရေစီနစ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“ရွေးကောက်ပွဲကို မသမာမှုရှိလို့ဆိုပြီး တပ်မတော်က အာဏာထိန်းတယ်။ ရွေးကောက်ပွဲ ပြန်ကျင်းပပေးတယ်။ ရွေးကောက်ပွဲပြီးတော့မှ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်က အငြိမ်း စားယူပြီး သမ္မတဝင်လုပ်တယ်။ ဒါကို ဒီမိုကရေစီပါလို့ သွားပြောလို့ဘယ်သူက လက်ခံမလဲ။ တကယ်ဆိုရင်တော့ ရွေးကောက်ပွဲလုပ်ပေးပြီးရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မပါသင့်တော့ဘူး။ ပြည်ခိုင်ဖြိုးပါတီကပဲ စီမံသင့်တာ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ပြည်သူများအကြားတွင်လည်း မင်းအောင်လှိုင်သည် မဲမသမာမှုကြောင့် အာဏာထိန်းခဲ့သည်ဆိုသော ပြောဆိုချက်မှာ မတ်လ ၃၀ ရက်နေ့ ဒုတိသမ္မတ အမည်စာရင်း တင်သွင်းလိုက်ကတည်း ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ သမ္မတ လုပ်ချင်၍ အာဏာသိမ်းခဲ့မှုကို ပိုမိုပေါ်လွင်စေကြောင်း ဝေဖန်ထားကြသည်။
“မင်းအောင်လိူင်က သမ္မတနေရာ တောင်းတာမပေးလို့ အာဏာသိမ်းတာလို့ သတင်းထွက်ခဲ့တာ မှန်သွားပြီပေါ့။ သမ္မတ နေရာ တစ်ခုရဖို့အတွက် နဲ့ ပြည်သူတွေ အသက်များကြီးသတ်ခဲ့။ နိုင်ငံကိုစုတ်ပြတ်အောင်လုပ်ပြီး အာဏာကို မရ ရအောင်ယူတာ ပဲ့။ ဆိုးဝါးလိုက်တဲ့ နိုင်ငံရဲ့ကံကြမ္မာ” ဟု မင်းသူထွေးအကောင့်ပိုင်ရှင်က ပြောဆိုသည်။
မင်းအောင်လှိုင် စစ်အာဏာသိမ်းခဲ့သည့် ၅ နှစ်အတွင်းတိုင်းပြည် ပျက်စီးသွားခဲ့ပြီး ယခုသမ္မတအဖြစ် နောက်ထပ် ၅ နှစ် ထပ်မံအုပ်ချုပ်ပါက တိုင်းပြည်အခြေအနေ ထပ်မံ ပျက်စီးလာမည်ဟု ပြည်သူများက မှတ်ချက်ပြုကြသည်။
“မဲစာရင်းအကြောင်းပြပြီးအာဏာသိမ်းတာ မအလ သမ္မတ လုပ်ချင်လို့ဆိုတာ သက် သေပြသွားပြီ။ သူအုပ်ချုပ်ခဲ့တဲ့ ၅ နှစ်ပြည်သူတွေဒုက္ခအမျိုးရောက်ခဲ့ရတယ်၊ အခုလည်းသမ္မတ အဖြစ်နဲ့နောက်ထပ် ၅ နှစ်အုပ်ချုပ်ဦးမယ်ဆိုတော့ နင်းပြားပြည်သူတွေ ခံရဦးမှာပေါ့။ တိုင်းပြည်လည်း အဖတ်ဆယ်မရလောက်တော့ဘူး” ဟု ဝေနှင်းကျော်အကောင့်ပိုင်ရှင်က သုံးသပ်ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စစ်ဦးစီးချုပ်အဖြစ် အနားယူသည့် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ အထိ NLD အစိုးရက မဲမသမာမှု ပြုလုပ်၍ နိုင်ငံတော်ကို စစ်တပ်က တာဝန်ယူရသည်ဟု အကြိမ်ကြိမ် အထပ်ထပ် ထုတ်ဖော်ပြောဆိုလျက်ရှိသည်။




