ရန်ကုန်၊ ဧပြီ ၅
မြန်မာနိုင်ငံ၏ နာမည်ကျော် စီးပွားရေးသမားတစ်ဦးဖြစ်သော ခရိုနီ တေဇနှင့်သားပြည့်ဖြိုးတေဇ အပါအဝင် ထူးကုမ္ပဏီဒါရိုက်တာများကို ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် စစ်တပ်က အမည်ပျက်စာရင်း တွင် ထည့်သွင်းကြေညာသည်။
ယမန်နေ့ ဧပြီလ ၄ ရက်နေ့မှစတင်ပြီး စစ်တပ်က ပို့ကုန်ရငွေ နိုင်ငံခြားငွေများ ပေးသွင်းခြင်းမရှိသော စီးပွားရေသမားများနှင့်ကုမ္ပဏီ ၂၈၇ ခုကို အမည်ပျက်စာရင်း ကြေညာခဲ့ရာတွင် ထူးကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်သော ခရိုနီတေဇ၊ သားပြည့်ဖြိုးတေဇ၊ မိုးသက်တင်၊ သီဟ၊ ရာဇာထွေးတို့ကို နာမည်ပျက်စာရင်း ကြေညာလာခြင်းဖြစ်သည်။
စစ်တပ်က ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ ၈ ရပ်ကွက်၊ အမှတ် ၅၂၃ ရှိ ထူးထရိတ်ဒင်း ကုမ္ပဏီ လီမိတက်နှင့် ဒါရိုက်တာများကို အမည်ပျက်စာရင်းသွင်းထားခြင်းဖြစ်သည်။
“အမည်ပျက်စာရင်းကြေညာထားတာက နိုင်ငံခြားငွေ ချက်ချင်းပြန်သွင်းရင်တော့ ပြန်ဖျက်လို့ရတယ်။ ပို့ကုန်ရငွေရဲ့ ၁၅ ရာခိုင်နှုန်းကို မြန်မာငွေလဲရမယ်။ နိုင်ငံတော်ဘဏ်ထဲကို ဒေါ်လာ ထည့်ပေးရမှာ။ အမည်ပျက်စာရင်းသွင်းထားချိန်မှာတော့ ပြည်ပထွက်ခွင့်ပိတ်ထားမယ်။ ကုမ္ပဏီလိုင်စင်၊ ပို့ကုန်သွင်းကုန်လက်မှတ်တွေတော့ ပယ်ဖျက်ထားမယ်။ ငွေသွင်းလိုက်ရင်တော့ အဲဒါတွေ ဖယ်ရှားပေးမှာပေါ့။ နိုင်ငံခြားငွေ မသွင်းရင်တော့ ဖမ်း၀ရမ်းပါထုတ်မယ်။ မမိရင် ၀ရမ်းပြေးကြေညာမယ်” ဟု UMCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
နိုင်ငံခြားသုံးငွေ အကြီးအကျယ် လိုအပ်ချက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီပေါင်း ၂၈၇ ခုနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်များကို အမည်မည်းစာရင်း (Blacklist) ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် ယမန်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်လာစေရန် ပို့ကုန်ရငွေများကို အဓိကထား ထိန်းချုပ်နေခြင်းဖြစ်ပြီး၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ အရ အာရှနိုင်ငံများသို့ တင်ပို့ပါက ၂၀ ရက်အတွင်း၊ အခြားနိုင်ငံများသို့ တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ရငွေများကို ဘဏ်စာရင်းထဲသို့ မပျက်မကွက် ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ယခု အမည်မည်းစာရင်းသွင်းခံရသည့် ကုမ္ပဏီ ၂၈၇ ခုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့သော်လည်း ရငွေများ ပြန်လည်ဝင်ရောက်ရန် ပျက်ကွက်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ စိစစ်ချက်အရ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ ၂၈၇ ခုသည် သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည့်အပြင် လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့အား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် ဖမ်းဝရမ်းထုတ်ခြင်းများအထိ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များအရ သိရှိရပါသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ကာလများအတွင်းကလည်း စာရင်းရှင်းလင်းရန် ပျက်ကွက်သည့် ကုမ္ပဏီအချို့ကို ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်များ ပိတ်သိမ်းခြင်းဖြင့် အရေးယူမှုများ စတင်ပြုလုပ်ခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခြင်း၊ ပြည်ပထွက်ခွာခွင့်ပိတ်ခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းများ လုပ်ဆောင်ခဲ့သည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၁၅ ရာခိုင်နှုန်း ကို စစ်တပ်လက်အောက်ခံ ဘဏ်များထံသို့ အပ်နှံပြီး မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် စစ်တပ်က ယခုနှစ် ဇန်နဝါရီလအတွင်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်။






