31 C
Yangon

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် လစာထုတ်ပေးမည့် ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ဓားပြဝင်တိုက်သွား၊ အထည်ချုပ်အလုပ်သမား ၈၀၀ ကျော် လစာမရ

Must read

ရန်ကုန်၊ ဧပြီ ၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ “အာရှနဂါး” (Asia Dragon) အထည်ချုပ်စက်ရုံ၌ ယမန်နေ့ ဧပြီလ ၄ ရက်နေ့၊ လစာထုတ်ရက်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများအတွက် ပြင်ဆင်ထားသည့် လစာငွေကျပ် သိန်း ၃၀၀၀ ကျော် ပါသွားကြောင်း စက်ရုံပိုင်ရှင်ဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့မနက် ၁၁ နာရီခွဲဝန်းကျင်အချိန်တွင် ဆိုင်ကယ်စီးလာသည့် ပြောက်ကျားစစ်ဝတ်စုံဝတ် အမျိုးသားနှစ်ဦးသည် စက်ရုံသို့ ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းကို သေနတ်ဖြင့်ချိန်ကာ စက်ရုံအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရုံးခန်းအတွင်းရှိ ငွေကိုင်စာရေးမထံမှ အလုပ်သမား ၈၀၀ ကျော်အတွက် ပြင်ဆင်ထားသည့် လစာငွေများနှင့် ရှိသမျှငွေကြေးများ စုစုပေါင်း ငွေကျပ် သိန်း ၃၀၀၀ ကျော် အိတ်အတွင်း စုထည့်ခိုင်းကာ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံဝန်းအတွင်း အခြားအထည်ချုပ်စက်ရုံ ၂ ရုံရှိပြီး ဓားပြနှစ်ဦးသည် စက်ရုံအနောက်ဘက်အပေါက်မှတစ်ဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ ငွေများယူဆောင်ပြီးနောက် ရုံးခန်းအတွင်းရှိ အမျိုးသ မီးဝန်ထမ်းများကို အခန်းထဲတွင် ပိတ်လှောင်ထားခဲ့ပြီး ဆိုင်ကယ်ဖြင့် ချက်ချင်းမောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ယနေ့သည် အဆိုပါစက်ရုံ၏ လစာထုတ်ရက်ဖြစ်ပြီး အလုပ်သမားတစ်ဦးလျှင် ပျမ်းမျှ လစာငွေ ၄ သိန်းခန့်စီ ရရှိရန်ရှိနေခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ဓားပြတိုက်ခံရမှုကြောင့် စက်ရုံဘက်က လစာပေးချေမှုကို ဆိုင်းငံ့လိုက်ရသဖြင့် အလုပ်သမား ၈၀၀ ကျော်မှာ ယနေ့တွင် လစာမရရှိတော့ဘဲ ဖြစ်ခဲ့ရသည်။

အဆိုပါလစာငွေများကို လာမည့်တနင်္လာနေ့ သို့မဟုတ် အဆင်ပြေမည့်ရက်မှသာ ပြန်လည်ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်မှုအပြီးတွင် အမျိုးသမီးအလုပ်သမားများကို အိမ်ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားအလုပ်သမားအချို့နှင့် စက်ရုံတာဝန်ရှိသူများကိုမူ စစ်ဆေးမေးမြန်းရန်အတွက် စစ်ကောင်စီဘက်က ဆက်လက်ထိန်းသိမ်းထားသည်။

ရန်ကုန်မြို့၏ စက်မှုဇုန်နယ်မြေတစ်ခုတွင် နေ့ခင်းကြောင်တောင် သေနတ်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးဆိုးရွားနေမှုကို ပြသနေခြင်းဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ယခုကဲ့သို့ လုယက်ဓားပြတိုက်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကြောင်း ပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ ၁ ခု၊ Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article