31 C
Yangon

ဂန်ဂေါနှင့် မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ မုန်းမြို့နယ်တွင်လည်း စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့တွင် ဂန်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ရှောက်ပင်ကျေးရွာမှာက စစ်ခွေးနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်းရှိတယ်။ အဲစခန်းကို ကျွန်တော်တို့ လက်နက်ကြီး၊ လက်နက်ငယ်တွေဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီး အလုံး ၄၀နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်။ အဲဒီစခန်းမှာ စစ်ခွေးနဲ့ ပျူစောထီး အင်အားကတော့ ၄၀ လောက်ရှိတယ်။ စစ်ခွေးတွေကတော့ နေရာမှာတင် ၁ ကောင်သေဆုံးတယ်လို့သိရတယ်။ ကျွန်တော်တို့ ရှောက်ပင်ရွာ အနောက်တစ်ပွိုင့် ရှောက်ပင်ရွာရှေ့ တစ်ပွိုင့် ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်အဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင် အဖွဲ့က ရဲဘော်များ လုပ်ဆောင်ခဲ့ဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေးရဲဘော်များ ရှေ့တန်းထွက်သည့်အချိန် အသုံးပြုမည့် သိန်း ၅၀၀ တန်ကား ၁ စီးရရှိရေး ကမ်ပိန်းပြုလုပ်နေသည့် အတွက် ပြည်သူများ ဝိုင်းဝန်းလှူဒါန်းကြရန် မေတ္တာရပ်ခံထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင် မူးရူးကခုန်နေသော ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Myaing Villages Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့နယ်ရှိ ကန်နီပျူစောထီးကျေးရွာကို ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းမှ တပ်ခွဲမှူးဦးဆောင်၍ ကျေးရွာအတွင်း သီချင်းဖွင့်ကာ မူးရူးကခုန်နေသော ပျူစောထီးရေကစားမဏ္ဍကို ၄၀ မမ ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကန်နီပျူစောထီးကျေးရွာမှ ပျူစောထီး ၃၀ ဦးခန့်သည် ဆဲဆိုကာ ကျေးရွာအပြင်ဘက်ထွက်၍ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်သေဆုံးမှုက ရှိနိုင်ပါတယ်။ သူတို့ကင်းယူတဲ့ မျှော်စဥ်အောက်ဘက်နားကို ကျနော်တို့ ပစ်တဲ့ ၄၀ မမ ဗုံးက ကျတာပါ။ ကျနော်တို့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှု အခြေအနေကို‌တော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Myaing Villages Revolution Front အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေဖြင့် ကန်နီကျေးရွာမှ ပျူစောထီးများ စစ်တပ်လက်အောက်တွင် စစ်ကျွန်အဖြစ်တာဝန်မထမ်းဆောင်ဘဲ ပြည်သူ့ရင်ခွင် ခွင်လှုံကြရန် တိုက်တွန်းထားပြီး စစ်တပ်လက်အောက်တွင် ဆက်လက်ရပ်တည်နေပါက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် ခမရ-၃၅၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၅ ရက်နေ့တွင် မုန်းမြို့နယ် ခမရ-၃၅၁ တပ်ရင်းမှ ဆိပ်ကြီးဘုန်းကြီးကျောင်းတွင် အထိုင်ချနေထားသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သား ၁ ဦး ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။

လက်နက်ချ အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု ၊ ကျည်ဆန် ၁၀၅ တောင့်၊ အီနာဂါဗုံး ၂ လုံးနှင့် ကျည်ကာ ၁ ခုတို့ယူဆောင်လာခဲ့ကြောင်း၊ လက်နက်ချအလင်းဝင်လာသော တပ်သားသည် ၎င်းဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူဖြစ်ပြီး ဆု‌ငွေ ၅ သိန်းကျပ် ချီးမြှင့်ခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်အတွင်း ၎င်းဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားများ အနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက အသိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article