ရန်ကုန်၊ ဧပြီ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ခဲပါရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း အပါအဝင် နေအိမ်များ ပျက်စီးခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (Karen Education and Culture Department) က ထုတ်ပြန်ထားသည်။
ဧပြီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ခဲပါရွာကို ဂျက်ဖိုက်တာ ၂ စီး၊ Y-12 လေယာဉ် ၂ စီးဖြင့် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာ အလယ်တန်း စာသင်ကျောင်းပြိုကျ ပျက်စီးခဲ့ပြီး နေအိမ်များပါ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် Y-12 လေယာဉ်ဖြင့် ဗုံးများ လိုက်လံ ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ဧပြီလ ၁၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မူတြော်အခြေခံအဆင့်မြင့်ကောလိပ် (Mutraw Junior College – MTJC) ဝင်းအတွင်းရှိ ကျောင်းဆောင်များစွာ ပြင်းထန်စွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျ တိုက်ခိုက်နေခြင်းကြောင့် နေအိမ်များ ပျက်စီးပြီး ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU – ခလယ်လွီထူခရိုင်က ထုတ်ပြန်ထားသည်။
ဧပြီလပိုင်းမှ စတင်၍ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၀ါကေဒဲရွာနှင့် လယ်ဆူခိုရွာ အနီးပတ်ဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဝါကေဒဲရွာ၊ လယ်ဆူခိုရွာ၊ ကိုထာရွာ နှင့် ကဒူးမူဒဲရွာတို့မှ ပြည်သူ ၆၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများသည် စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ၊ အခြေခံစားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။






