26 C
Yangon

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ ပြစ်ဒဏ်လျှော့ပေါ့မှုမှာ နိုင်ငံတကာထံမှ တရားဝင်မှုရရှိရေးအတွက် အဓိပ္ပာယ်မရှိသော စစ်တပ်၏ ဟန်ပြလုပ်ရပ်ဟု ဟု သားဖြစ်သူ ကိုထိန်လင်း ဝေဖန်

Must read

ရန်ကုန်၊ ဧပြီ ၁၈

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ ပြစ်ဒဏ်သာလျှော့ပေါ့မှုမှာ စစ်တပ်က နိုင်ငံတကာထံမှ တရားဝင်မှု ရရှိရေးအတွက် အဓိပ္ပာယ်မရှိသော ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က စင်ကာပူ The Straits Times သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့နှစ်သစ်ကူး အခါသမယတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဒဏ်ကို လျှော့ ပေါ့ပေးလိုက်ခြင်းမှာ နိုင်ငံတကာ၏ တရားဝင်မှုကို ရရှိရန် ကြိုးပမ်းသည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း သူမ၏သားဖြစ်သူ ကိုကင်မ်အဲရစ် (ကိုထိန်လင်း) က ဝေဖန်ပြောကြားလိုက်သည်။

ယမန်နေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် ပြုလုပ်သော နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဒဏ်ကို ၄ နှစ်ခွဲခန့် လျှော့ပေါ့ပေးခဲ့သော်လည်း ကျန်ရှိနေသေးသော ထောင်ဒဏ်မှာ ၂၂ နှစ်ကျော် ရှိနေသေးရာ၊ ယင်းအခြေအနေမှာ ဘာမျှအဓိပ္ပာယ်မရှိကြောင်း၊ သူမ ပြန်လည်လွတ် မြောက်လာမည့်အချိန်တွင် အသက် ၁၀၀ ကျော်နေပြီဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

အသက် ၈၀ အရွယ်ရှိပြီဖြစ်သော မိခင်ဖြစ်သူကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဆိုသည့် သတင်းများနှင့် ပတ်သက်၍လည်း အမှန်တကယ် ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း ကိုကင်မ်အဲရစ်က ဆိုသည်။

သားတစ်ယောက်အနေဖြင့် မိခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာသည်ကို မြင်တွေ့လိုသကဲ့သို့ သူမ၏ ဘေးကင်းလုံခြုံမှုကိုလည်း သိရှိလိုကြောင်း၊ ထို့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ် မြောက်လာစေလိုကြောင်း ၎င်း၏ ရိုးရှင်းသောဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတဟောင်း ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာမှုအပေါ် ၎င်းက ကြိုဆိုသော်လည်း ယင်းမှာ စစ်တပ်အနေဖြင့် နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန်နှင့် ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် လုပ်ဆောင်သည့် မဟာဗျူဟာမြောက် လုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ရှုမြင်နေသည်။

စစ်တပ်က နိုင်ငံတကာအသိုက်အဝန်းထံမှ တရားဝင်မှု ရရှိရန်အတွက် အလွန်အမင်း ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ ယခုလုပ်ရပ်မှာ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုဆီသို့ ဦးတည်သည့် ခြေလှမ်းမျိုးမဟုတ်ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။

လက်ရှိအခြေအနေတွင် မင်းအောင်လှိုင်သည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လိမ့်မည်ဟု မယုံကြည်ကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပုံစံအသစ်ဖြင့် ပြန်လည်ထုတ်ပိုးပြထားခြင်းသာ ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စစ်ဦးစီးချုပ်အဖြစ်မှ အနားယူကာ၊ စစ်ဝတ်စုံကို ချွတ်၍ ဧပြီလ ၃ ရက်နေ့တွင် လွှတ်တော်မှတစ်ဆင့် သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး၊ ကိုကင်မ်အဲရစ်အနေဖြင့် မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်မရသည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သည်။

ထို့ကြောင့် မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေအပေါ် ၎င်းက အစဉ်တစိုက် စိုးရိမ်ပူပန်လျက်ရှိပြီး၊ သူမအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် နှစ်ရှည်လများ တောင်းဆိုလျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article