32 C
Yangon

မလေးရှားသို့ ပင်လယ်ရေလမ်းမှ ဝင်သည့် တရားမဝင် မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီး၊ အနှိပ်ခန်းတွင် တရားမဝင်လိင်ဖျော်ဖြေရေးလုပ်နေသည့် မြန်မာအမျိုးသမီး ၄ ဦးလည်း အဖမ်းခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၈

မလေးရှားနိုင်ငံမြောက်ပိုင်း၊ ပီနန်းပြည်နယ် (Penang) အတွင်းသို့ ပင်လယ်ရေလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှားကမ်း ခြေစောင့်တပ်က ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

ပီနန်းပြည်နယ်၊ ကမ်းခြေအနီးရှိ မြို့ငယ်လေးတစ်ခုသို့ ဦးတည်မောင်းနှင်လာသော အမြန်စက်လှေတစ်စင်းနှင့် ပတ်သက်၍ သတင်းရရှိသဖြင့် ကမ်းခြေစောင့်တပ်က ကင်းလှည့်ရေယာဉ်ဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါစက်လှေသည် ကမ်းခြေသို့ လူစုခွဲချထားခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ကျန်ရစ်ခဲ့သည့် အသက် ၁၂ နှစ်မှ ၄၂ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၂၅ ဦးကို ကမ်းခြေတစ်လျှောက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပီနန်းပြည်နယ် မရိမ်းအရာရှိချုပ် Muhammad Suffi Mohamad Ramli က ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသူများသည် မည်သည့် အထောက်အထားစာရွက်စာတမ်းမျှ ကိုင်ဆောင်ထားခြင်းမရှိဘဲ ၎င်းတို့အား ကုန်းတွင်းပိုင်းသို့ ဆက်လက်ခေါ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ကုန်တင်ကားဖြင့် သွားရောက်ရန် ရည်ရွယ်ထားပုံရကြောင်း အာဏာပိုင်များက သုံးသပ်ထားသည်။ လက်ရှိတွင် ၎င်းတို့အားလုံးကို စုံစမ်းစစ်ဆေးရန်အတွက် ထိန်းသိမ်းထားရှိပါသည်။

အလားတူ မလေးရှားနိုင်ငံ၊ ရှာအလန်းမြို့၊ Bukit Rimau (Section 32) ရှိ အနှိပ်ခန်းတစ်ခုကို ဧပြီလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် လဝကအရာရှိ ၃၇ ဦးဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုပေးနေသည့် အမျိုးသမီး ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း သိရှီရသည်။

အဆိုပါနေရာသည် အနှိပ်ဝန်ဆောင်မှုအတွက် မလေးရှားရင်းဂစ် ၄၀ ကောက်ခံပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ရင်းဂစ် ၂၀၀ အထိ ထပ်မံရယူကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဆလန်ဂေါပြည်နယ် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး Khairrul Aminus Kamaruddin ၏ ပြောကြားချက်အရ ယင်းလုပ်ငန်းတွင် ဝန်ဆောင်မှုပေးမည့် အမျိုးသမီးများ၏ ဓာတ်ပုံများကို WhatsApp မှတစ်ဆင့် ရွေးချယ်စေပြီး အွန်လိုင်းကတစ်ဆင့် ကြိုတင်စာရင်းသွင်း (Booking) သည့်စနစ်ကို အသုံး ပြု၍ လုပ်ကိုင်နေခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းရှိ နိုင်ငံခြားသား အမျိုးသမီးများဖြစ်ပြီး မြန်မာ နိုင်ငံသူ ၄ ဦး၊ ထိုင်းနိုင်ငံသူ ၄ ဦး၊ တရုတ်နိုင်ငံသူ ၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသူ ၁ ဦး တို့ပါဝင်သည်။

၎င်းတို့အားလုံးမှာ တရားဝင် အထောက်အထား မရှိခြင်း၊ ဗီဇာသက်တမ်းကျော် လွန်နေထိုင်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေများကို ချိုးဖောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းခြင်းနှင့် အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် Semenyih လူဝင်မှုကြီး ကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article