ရန်ကုန်၊ ဧပြီ ၂၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုညွှန်မှူးဗိုလ်မှူးဟောင်း ဝဏ္ဏက ဇနီးဟောင်း ကို ကတ်ကြေးဖြင့် ထိုးရန် ခြိမ်းခြောက် အိမ်တွင်းအကြမ်းဖက် ပိုင်ဆိုင်မှုများ တောင်းယူနေသော်လည်း ယင်းဖြစ်စဉ်အပေါ် အရေးယူသူမရှိကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဗိုလ်မှူးဟောင်း ၀ဏ္ဏနှင့် ဒေါ်လတ်လတ်ကျော်တို့သည် ၂၀၁၂ ခုနှစ်တွင် ပေါင်းသင်းခဲ့ကြပြီး သမီး ၁ ဦး ထွန်းကားခဲ့ကြောင်း၊ ဗိုလ်မှူးဟောင်း ၀ဏ္ဏမှာ လက်ထပ်ပြီးကတည်းက အိမ်တွင်းအကြမ်းဖက်မှုကို နှစ်ရှည်လများများ ကျူးလွန်ခဲ့ပြီး လူမဆန်စွာ ရိုက်နှက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် လူမှုရေးဖောက်ပြန်မှုများပါရှိလာသည့်အတွက် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ပုဗ္ဗသီရိမြို့နယ်တရားရုံး၏ အမိန့်ဖြင့် ကွာရှင်းခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် လင်မယား ကွာရှင်းခဲ့ပြီးသော်လည်း ဗိုလ်မှူးဟောင်း ၀ဏ္ဏက နေပြည်တော်ရှိ နေအိမ်နှင့်ခြံ၊ ဟွန်ဒါ Insight ကား၊ ပိုင်ဆိုင်မှုများကို ၎င်း ပိုင်ဆိုင်သည်ဟုဆိုကာ အကြမ်းဖက် တောင်းယူလာကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း နေပြည်တော်ရှိ နေအိမ်သို့ လာရောက်ပြီး ဇနီးဟောင်း ဖြစ်သူကို ပိုင်ဆိုင်မှုများ လွှဲပြောင်းပေးရန် နှင့် မလွှဲပေးပါက ကတ်ကြေးဖြင့် ထိုးသတ်မည်ဟု ရုန်းရင်းဆန်ခတ် ခြိမ်းခြောက်သည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်မှာ သမီးဖြစ်သူ ရှေ့တွင်ပင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဗိုလ်မှူးဟောင်း ဝဏ္ဏက နယ်စပ်ရေးရာဝန်ကြီးဌာန ယူနီဖောင်းကို ဝတ်ဆင်လျက် ပုဗ္ဗသီရိမြို့နယ်ရှိ ဇနီးဟောင်းဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိလာပြီး ကတ်ကြေးဖြင့် ထိုးရန် ကြံစည်အားထုတ်ခဲ့သည့် ဗီဒီယိုသက်သေများ ရှိခဲ့သော်လည်း ယင်းဖြစ်စဉ်ကို အရေးယူသူမရှိဖြစ်နေကြောင်း သိရှိရသည်။
ဇနီးဟောင်း၏ မိဘများက ဝယ်ယူပေးထားသော နေအိမ်၊ ခြံမြေနေရာနှင့်ငွေကြေးများ၊ မော်တော် ယာဉ်တို့ကို ၎င်းအမည်ဖြင့် ပြောင်းလဲပေးရန် သို့မဟုတ် ရောင်းချပေးရန် အဓမ္မတောင်းခံ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးဟောင်း ဝဏ္ဏက ယခင် ခလရ ၂၅၈ ယာယီတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း လူမှုရေးဖောက်ပြန်မှုများ၊ တပ်တွင်း အနိုင်ကျင့်မှုများကြောင့် တိုင်ကြားခံရကာ အရပ်ဘက်သို့ ကူးပြောင်းရောက်ရှိလာသူဖြစ်ကြောင်း သိရှိရသည်။






