ရန်ကုန်၊ ဧပြီ ၂၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြီး ယနေ့ ဧပြီလ ၂၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ်ရှိ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းရွာတောရိုး၊ သံချေးကုန်းရွာနှင့် ရုံးစည်ကြီးရွာရှိ နေအိမ်များကို ဆက်လက် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ဖမ်းဆီးခံရခြင်း ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“တောင်သာနယ်ထဲကို စစ်ခွေးတွေက မနေ့ကနေစပြီး ဆက်တိုက် စစ်ကြောင်းထိုးလာတာ ပြည်သူတွေလည်း ဘေးလွတ်ရာ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ခွေးစစ်ကြောင်းကလည်း လက်ရှိချိန်ထိ ရှိနေသေးတော့ ဖမ်းဆီးခံရတဲ့သူတွေ ရှိ၊မရှိဆိုတာလည်း အတည်မပြုနိုင်သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရွာစဉ်ပတ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၇ ခုကျော်မှ ပြည်သူသောင်းနှင့်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလအတွင်း ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကြောင်း ၂ ခုမှာ အင်အားအလုံးအရင်းဖြင့် ပေါင်းစည်းသွားပြီး ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဆင်တဲရွာနှင့် ဆင်စွယ်ရွာတို့တွင် အင်အားဖြန့်ကြက်ကာ တပ်စွဲထားကြောင်း၊ ယနေ့ ဧပြီ ၂၃ ရက်နေ့တွင်လည်း စစ်တပ်စစ်ကြောင်းသည် ဝါးရုံရွာဘက်သို့ နယ်မြေဖြန့်ကာ ပြီးခဲ့သည့် ၆ ရက်ခန့်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သော ငါးနန်းဆေးရုံအနီးရှိ မင်းမကုန်းကျေးရွာဘက်သို့ ဝင်ရောက်ကာ အနီးနားရှိကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ရွာ၊ နုန်းတန်းရွာ၊ ညောင်တန်းရွာ၊ ဆင်တဲရွာ၊ ရွှေလှံရွာ၊ ငါးနန်းရွာအထက်ရွာ၊ ငါးနန်းရွာအောက်ရွာ၊ မောက်လုပ်ရွာ၊ အင်းသာရွာ၊ ဆုံရွာ၊ သဲကုန်းရွာနှင့် မင်းမကုန်းရွာများအပြင်၊ မြောက်ယမားချောင်း တောင်ဘက်ခြမ်း ပုလဲမြို့နယ်အတွင်းရှိ ပုထိုးသာရွာ၊ ရွာသစ်ရွာ၊ ပုပ္ပါရွာ၊ မောင်းတုံရွာနှင့် တမာပင်ခွာရွာများမှ သောင်းနှင့်ချီသောပြည်သူများ နေရပ်မပြန်နိုင်ဘဲ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ရင်ပေါင်တိုင်ရွာဘက်ကို ဝင်လာတော့ ထပ်ပြီး ဘေးလွတ်ရာ ပြေးကြရတယ်။ စစ်ခွေးတွေက ဆင်စွယ်ရွာနဲ့ ရင်ပေါင်တိုင်ရွာကို ကူးသန်းသွားလာနေကြတယ်။ ဆင်စွယ်ရွာကနေ အနီးအနားက ဝါးရုံရွာဘက်ကိုလည်း စစ်ခွေးတွေ ဖြန့်ကြက်ထားပြီး ဒီနေ့တော့ လွန်ခဲ့တဲ့ ၆ ရက်လောက် ဂျက်လေယာဉ်နဲ့ ၃ ကြိမ် တစ်ခါ၊ Mi-35 နဲ့ ၁ ကြိမ်၊ ညနေကျတော့ ဂျက်ဖိုက်တာနဲ့ပဲ လာကျဲတာက ၁ ကြိမ် ကျဲခဲ့တဲ့ ငါးနန်းဆေးရုံအနီးက မင်းမကုန်းရွာဘက်ကို ရောက်နေတယ်လို့ သိရတယ်။ အင်အားကတော့ များတဲ့သဘောပါ။ အရင်ရက်က ပုလဲနယ်နဲ့ ယင်းမာပင်နယ်ထဲက စစ်ကြောင်း ၂ ခုပေါင်းပြီး ရင်ပေါင်တိုင်ရွာအနီးဝန်းကျင်က ဆင်တဲရွာနဲ့ ဆင်စွယ်ရွာတို့မှာ ဖြန့်ကြက်ထားတာပါ။ အဲ့ဒီထဲကမှ ပြီးခဲ့တဲ့ရက်မှာ ရင်ပေါင်တိုင်ရွာကနေ တွေ့တဲ့ပြည်သူတွေ၊ စစ်ရှောင်ကားတွေကို ဖမ်းဆီးဓားစာခံလုပ်ပြီး ယင်းမာပင်မြို့ဘက်ကို ပြန်ဝင်သွားတာရှိတယ်။ စစ်ရှောင်ရတာက ရွာ ၁၅ ရွာအထက်ရှိမယ်။ ပြည်သူက သောင်းနှင့်ချီရှိမယ်။ စစ်ခွေးတွေ စစ်ကြောင်းထိုးတာက တစ်လကျော်ကြာပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် စစ်ရေးတင်းမာနေသော အခြေအနေများကြောင့် ဆားလင်းကြီး-ယင်းမာပင် လမ်းပိုင်း၊ ယင်းမာပင်-ပုလဲ-ဂန့်ဂေါ လမ်းပိုင်းတို့နှင့် ထိစပ်နေသော လမ်းများကို ယနေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိခဲ့သည့် ကျေးရွာများအနီးဝန်းကျင်တွင် နေထိုင်သွားလာခြင်း မပြုကြရန်နှင့် စစ်ကြောင်းပြန်လည်ထွက်ခွာသွားသည့် ကျေးရွာများအတွင်းသို့လည်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးမှသာ ပြန်လည်ဝင်ရောက်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက အသိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




