ရန်ကုန်၊ ဧပြီ ၂၈
NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခဲ့သော ကမ္ဘာကျော် တရုတ်အွန်လိုင်းရှော့ပင်း Alibaba ကုမ္ပဏီက Shop App mm ၏ လုပ်ငန်းများကို တရားဝင် ရပ်ဆိုင်းထွက်ခွာတော့မည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်း ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် စတင်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့သော ကမ္ဘာကျော် တရုတ်အွန်လိုင်းရှော့ပင်း Alibaba ကုမ္ပဏီက Shop App mm ဖြင့် မြန်မာနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခုလာမည့် ဧပြီလ ၂၉ ရက်နေ့ညအထိသာ နောက်ဆုံး အော်ဒါ လက်ခံမည်ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် လုပ်ငန်းများအားလုံးကို ရပ်နားတော့မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလာခြင်းဖြစ်သည်။
ယမန်နေ့ညပိုင်း ထုတ်ပြန်သော ကြေညာချက်တွင် SHOP APP MM ၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည် လွယ်ကူစွာချမှတ်ခဲ့ခြင်း မဟုတ်ကြောင်း၊ နှစ်ပေါင်းများစွာအတွင်း လူကြီးမင်းတို့၏ နေ့စဉ်ဘဝ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံပေးခဲ့ကြသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ လုပ်ငန်းရပ်နားရန် ပြင်ဆင်နေစဉ်အတွင်း လက်ရှိမှာယူထားသော အော် ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုများနှင့် ငွေပေးချေမှုများ အားလုံးကို တာဝန်ယူမှု အပြည့်ဖြင့် ချောမွေ့စွာ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာမခံကြောင်း၊ SHOP APP MM ၏ နောက်ဆုံးအော်ဒါများကို ၂၀၂၆ခုနှစ် ၊ ဧပြီလ ၂၉ ရက်နေ့ ည ၁၁နာရီ ၅၉မိနစ် အချိန် အထိသာ အော်ဒါများကိုလက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
“နိုင်ငံရေး အခြေအနေကြောင့် ပစ္စည်းပို့ဖို့က လျှပ်စစ်ပစ္စည်းဆိုမရ၊ ဘက်ထရီဆိုမရ ပစ္စည်းကြီးရင်မရ စသဖြင့်တွေ များလာတာရယ် အခုနောက်ဆုံး စက်သုံးဆီကိစ္စပါတိုးလာတော့ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာ ထင်တယ်၊ စိတ်မကောင်းဘူး ကိုယ်တိုင် ကိုဗစ်ကာလမှာ seller လုပ်ခဲ့ပြီး အတော်လေး အဆင်ပြေခဲ့တယ်၊ နောက် မလုပ်ဖြစ်တော့ချိန်မှာလည်း ပစ္စည်းတွေ ဝယ်နေတုန်းပဲ ခုတော့ စိတ်မကောင်းပါဘူး”ဟု မြန်မာပြည်သူတစ်ဦးက မှတ်ချက်ပြုရေးသားထားသည်။
SHOP APP MM ကို သုံးစွဲနေသော အခြားပြည်သူတစ်ဦးကမူ “၂၀၁၈ ခုနှစ် ကတည်းက ဈေးသက်သက်သာသာနဲ့ အမြဲ အဆင်ပြေခဲ့လို့ ကျေးဇူးအများကြီးတင်ရပါတယ်။ အခုတော့ ဝမ်းနည်းရပါတယ်” ဟု လူမှုကွန်ရက်တွင် ထုတ်ဖော်ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်တပ်၏ စစ်ရာဇဝတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများအပြားမှာ မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာနေကြကြောင်း ပြည်တွင်းပြည်ပစီးပွားရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့များက သုံးသပ်ထားကြသည်။






