31 C
Yangon

တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က သံဘိုရွာကို ထပ်မံ မီးရှို့ဖျက်ဆီး၊ မောတောင်နှင့် အရာတော် တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က သံဘိုရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သံဘိုရွာအတွင်းရှိ ကျန်ရှိနေသော နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် တောင်သာမြို့နယ် အတွင်း ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဧပြီလ ၂၇ ရက်နေ့အထိ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းတောရိုး၊ သံချေးကုန်းရွာ၊ ရုံးစည်ကြီးရွာ၊ သံဘိုရွာဘုန်းကြီးကျောင်း၊ စုံတောမြိုင်တောရိုးနှင့် ကျော်မက်ကန်တောရိုးရှိ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်အစောပိုင်းမှာ စစ်ခွေးစစ်ကြောင်းက သံဘိုရွာကို ထပ်ပြီးတော့ မီးရှို့သွားတာ နေအိမ်ပျက်စီးမှုတော့ မသိရသေးဘူး။ အခုစစ်ကြောင်းက ရွာထဲမှာမရှိတော့ပေမယ့် ရွာအနီးအနားမှာကျန်သေးတော့ ရွာထဲ သွားမကြည့်ရဲဘူး။ ပြည်သူတွေ အကုန်လုံးက ဆက်လက် တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က မောတောင်မြို့ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နှင့် ဖောင်ဆိပ်အနီးကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ စစ်ခွေးတွေက တိုက်ပွဲမရှိလဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကျဲ တိုက်ခိုက်နေတာ နေအိမ်တွေ ပျက်စီးတာတော့ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ကဲဘာကျေးရွာ ဘုန်းကြီးကျောင်းကို ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ​ဗုံး ၄ လုံးနဲ့ ၄ ကြိမ် ကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ် ပျက်စီးတာမျိုးလည်း မရှိဘူး။ ဘုန်းကြီးကျောင်းတော့ ပျက်စီးသွားတယ်။ စစ်ခွေးတွေက ဘုန်းကြီး ကျောင်းကိုပစ်တာလို့ သိရတယ်။ ပြည်သူများ အနေ ဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article