ရန်ကုန်၊ ဧပြီ ၂၈
ချင်းပြည်နယ်တောင်ပိုင်းအစပ်သို့ အကြမ်းဖက် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ရှိလာသောကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်ပြီး လေကြောင်းရန် သတိထားကြရန် ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် – CPU/CPA သတင်းနှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်မင်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၅ ရက်နေ့မှ စတင်ပြီး မကွေးတိုင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာသို့ ကျောက် ထု အမြောက်တပ်မှ အင် အား ၈၀ ခန့်ရှိ စစ်ကြောင်းရောက်ရှိလာပြီး ညနေပိုင်းတွင် ဖောကားများ ထပ်မံအင်အားဖြည့်တင်းကာ စုစုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် တပ်စွဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ကြောင့် ကြန်တော – ကံကြီး – ရေရှင် ကတ္တရာ ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခြင်း များ လုံး၀ မပြုလုပ်ရန်လည်း တော်လှန် ရေးတပ်ဖွဲ့များက သတိပေးထားကြောင်း သိရသည်။
“အခု ကံကြီးရွာမှာရောက်နေတဲ့ စစ်ခွေးတွေက အဲဒီမှာပဲ ဆက်နေကြသေးတယ်။ ထပ်ပြီးလှုပ်ရှားမှု တော့မရှိသေးဘူး။ ကျနော်တို့ဘက်ကတော့ မင်းတပ်မြို့နဲ့လည်း အရမ်းနီးတော့ လိုအပ်တဲ့ ပြင်ဆင်မှု တွေလုပ်နေပါတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်ပါတယ်” ဟု ချင်းပြည်သူ့ အစည်းအရုံး/ ချင်း ပြည်သူ့တပ်မတော် – CPU/CPA သတင်းနှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်မင်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
လက်ရှိ စစ်တပ် ရှိနေသော ကျောက်ထုမြို့နယ်၊ ကံကြီးကျေးရွာသည် မင်းတပ်မြို့နှင့် ၁၂ မိုင်ခန့်သာကွာဝေးပြီး ယခင်က စစ် ကြောင်းထိုးလှုပ်ရှားမှုများရှိခဲ့သော်လည်း ယခုကဲ့သို့ တပ်စွဲအခြေချခြင်းမရှိခဲ့ကြောင်း၊ ထို့သို့ အခြေချတပ်စွဲမှုသည် ချင်းပြည် နယ်၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ချင်း ပြည်နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစု များက သုံးသပ်လျက်ရှိသည်။
“ပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို လောလောဆယ်အသွားအလာ သတိထားကြဖို့နဲ့လေ ကြောင်း သတိ ထားဖို့ ပြောချင်ပါတယ်” ဟု ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် – CPU/CPA သတင်းနှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင် မင်းက ပြောဆိုသည်။
CPU/CPA သည် ချင်းတောင်ပိုင်းရှိ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနှင့် CDF ဒိုင်ရ်တို့ အတူ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ချင်းညီနောင် -CB အဖွဲ့ဝင် တပ်ဖွဲ့ဖြစ်ပြီး မင်းတပ်၊ ကန်ပက် လက်၊ မတူပီစသည့် ချင်းပြည်နယ်တောင်ပိုင်းမှ မြို့နယ်များကို ထိန်းချုပ်ထားကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း ဧပြီလ ၂၅ ရက်နေ့ စစ်တပ်က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းမြို့ပေါ်တွင် စစ်အင်အားများဖြည့်တင်းလျက်ရှိကြောင်း၊ လက်ရှိ ဖလမ်းမြို့ပေါ်တွင် စစ်တပ် အင်အား ၁၀၀၀ ဝန်းကျင်ရှိနေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။




