28 C
Yangon

အသွင်ပြောင်း မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ၁၀ နှစ်သက်တမ်းရှိ ကျေးရွာ မြေငှားဂရန်များ ချထားပေးမည်ဟုဆိုကာ လူထုစည်းရုံးရေး လုပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၉

အကြမ်းဖက် အသွင်ပြောင်း မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း တစ်နိုင်ငံလုံးရှိ ကျေးရွာများတွင် ၁၀ နှစ်သက်တမ်းရှိ ကျေးရွာမြေငှားဂရန်များ ချထားပေးမည်ဟုဆိုကာ လူထုကို လိုက်လံစည်းရုံးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

မိမိကိုယ်ကို သမ္မတရာထူး ပေးအပ်ပြီး အသွင်ပြောင်းလိုက်သော မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ကျေးလက်နေ ပြည်သူလူထု အများစုနေထိုင်သည့်အတွက် ကျေးလက်နေပြည်သူများကို မြေပိုင်ဆိုင်မှု ဂရန်များချထားပေးမည်ဟုဆိုကာ စည်းရုံးဆင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြို့နယ်ထွေအုပ်က ဒီရက် ၁၀၀ အတွင်း ကျေးရွာမှာနေတဲ့ ပြည်သူတွေ ဂရန်လျှောက်လို့ရတယ်။ အိမ်ကောင်းကောင်းမပါရင် ၁၀ နှစ်သက်တမ်းရှိတဲ့ ဂရန် ထုတ်ပေးမယ်။ အဆောက်အအုံကောင်းကောင်းပါရင်တော့ နှစ် ၃၀ ကျေးရွာမြေငှားဂရန် လျှောက်လို့ရတယ် ပြောတယ်။ မြေငှားဂရန်အတွက် မြေ ၁ ဧကကို ငွေကျပ် ၁ သိန်းတန်ဖိုး သတ်မှတ်ပြီးတော့ ၁ နှစ်ကို ၆ ရာခိုင်နှုန်း ငွေကျပ် ၆၀၀၀ အခွန်ဆောင်ရမယ်ပြောတယ်။ ၁ ဧက အောက်ဆိုရင်တော့ ပိုနည်းမယ်ပြောတယ်” ဟု ဘားအံမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ကျေးရွာမြေဂရန် လျှောက်ထားရန်အတွက် ကျေးရွာများမှ ပြည်သူများအနေဖြင့် အုပ်လိုက် လျှောက်ထားရမည်ဖြစ်ပြီး အနိမ့်ဆုံး သတ်မှတ်ထားသော အကျယ်အဝန်းမှာ ဧရိယာအကျယ် ၂၀×၆၀ ပေ၊ ဧကအားဖြင့် ၀.၀၂၇၅ ဧကထက် မလျော့နည်းရန် လိုအပ်ကြောင်း သိရှိရသည်။

ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊ နိုင်ငံသားစိစစ်ရေးကတ်ရှိသူ လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း(ပုံစံ ၆၆/ ၆)ရှိသူ၊ အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း ၁၂ နှစ်နေထိုင်မှုရှိသူ ဖြစ်ရန် လိုအပ်ကြောင်း သိရှိရသည်။

ကျေးရွာမြေဂရန်လျှောက်လွှာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ(၁၀၅/၁၀၆)၊ အဆောက်အအုံ ဘေးမြင်/ ရှေ့မြင် ဓာတ်ပုံ(၂)ပုံ၊ လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက် ပါဝင်ရမည်ဖြစ်ပြီး ရက် ၁၀၀ အတွင်း ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ စာရင်းများအရ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃,၂၁၄ ရွာ ရှိပြီး ကျေးရွာအုပ်စုပေါင်း ၁၃,၅၉၀ ခု ရှိကြောင်း ၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များ အရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article