ရန်ကုန်၊ ဧပြီ ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေကာ ကာကင်းများကိုလည်း တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင်လည်း မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာများတွင် ဗုံးကျဲ ခုခံနေကြောင်း၊ ထို့ပြင် ဗျူဟာကုန်းအနီးရှိ ကာကင်းစခန်းများကိုလည်း တော်လှန်ရေးတပ်က သိမ်းဆည်းရရှိထားကြောင်း သိရသည်။
“လက်ရှိမှာ ဝေါလေဗျူဟာကုန်းရဲ့ ပတ်ပတ်လည် ကာကင်းတွေလည်း ရပြီး ဗျူဟာကုန်းပဲ ကျန်တော့တာပါ။ စစ်ခွေးတွေကို ကုန်းပေါ်ကနေ ဆင်းမရအောင် ပတ်ပတ်လည် ပိတ်ဆို့ တိုက်ခိုက်နေတာပေါ့။ ကုန်းပေါ်က စစ်ခွေးတွေကို ခေါင်းတောင် မဖော်နိုင်အောင် စနိုက်ပါနဲ့ ထောက်ထားတဲ့အထိပဲ စစ်ခွေးတွေ ကတုတ်ကျင်းထဲမှာ ထွက်မရတဲ့ပုံစံမျိုးတွေနဲ့ ဒီကောင်တွေ ဖြတ်သန်းနေရတယ်။ စစ်ခွေးတွေဘက်က ဒီနေ့လည်း Y-12 တွေရော ဂျက်ဖိုက်တာတွေနဲ့ပါ ပစ်ကူပေးနေရတယ် နေ့တိုင်းနီးပါပဲ။ လက်နက်ပစ်ကူတောင် ဒီကောင်တွေ သိပ်မရဘူး။ ဝေါလေနဲ့ မြဝတီ ၂၇၅ နဲ့ တော်တော်လေးဝေးတော့ လက်နက်ကြီးပစ်ကူမှာတော့ တော်တော်လေး အားနည်းသွားတယ်။ လေယာဉ်နဲ့ အပေါ်ကနေ ရိက္ခာလာပို့ဖို့ကလည်း သူတို့မရဘူး။ အဲ့လိုအခြေမျိုးတော့ ဖြစ်နေပြီ ဒီနေ့ဆိုလည်း တော်တော်ပွဲကြမ်းတယ်လို့ သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို ဝေါလေဗျူဟာကုန်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် စစ်တပ်က ဝေါလေမြို့ကိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှုများရှိပြီး ပြည်သူများ ထိခိုက်မှုရှိသောကြောင့် ထိုင်းအစိုးရက ကန့်ကွက်မှုများရှိကာ နယ်စပ်တွင် နေထိုင်သော ပြည်သူများကိုလည်း ထိုင်းအစိုးရက အရေးပေါ် ရွေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။
မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF များနှင့် အတူ ဗိုလ်ဒါဘော ဦးဆောင်၍ စခန်းသိမ်း တိုက်ပွဲ စတင်ဖော်ဆောင်ခဲ့ပြီး ထိုတိုက်ပွဲများသည် လက်ရှိချိန်ထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။




