ရန်ကုန်၊ မေ ၂၃
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးလိုက်သည်နှင့်တစ်ပြိုက်နက် မန္တလေးမြို့ပေါ်ရှိ ဓားကိုင်လူမိုက်များ၊ ဇိုးများနှင့် ထောင်ထွက်များကို လိုက်လံစည်းရုံးကာ သေနတ်များတပ်ဆင်ပေးပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် စုစည်းထူ ထောင်ခဲ့ကြောင်း အကြမ်းဖက် ပေါက်ဘုန်းကြီးက တရားဝင် ထုတ်ဖော်ဝန်ခံလိုက်သည်။
Khit Thit Media က မေလ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည့် “မန္တလေးတွင် လူမိုက်များနှင့် ထောင်ထွက်များကို စုစည်း၍ ဝီရသူ၊ ပေါက်ဘုန်းကြီး၊ တစညအမတ် နေမျိုးကျော်တို့က ဦးဆောင်ကာ ပြည်သူ့စစ်နှင့်ပျူစောထီးအဖွဲ့များ ထူထောင်” ဟူသော သတင်းနှင့်ပတ်သက်၍ ၎င်းက မေလ ၂၂ ရက်နေ့ ဗီဒီယိုဖြင့် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ပြန်လည်တုံ့ပြန်ရာတွင် ယင်းကဲ့သို့ ဝန်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ မန္တလေးမြို့ပေါ်ရှိ လူမိုက်များနှင့် ဇိုးများကို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နှင့်ပျူစောထီးများ ဖြစ်လာစေရန် စည်းရုံးခဲ့ပြီး သေနတ်များ တပ်ဆင်ပေးခဲ့ကြောင်း ပေါက်ဘုန်းကြီးက ဝန်ခံခဲ့သည်။
“မန္တလေးမှာ အာဏာသိမ်းပြီးကတည်းက တော်တော်များများ ဇိုးတွေ၊ လူမိုက်တွေကို တော်တော်များများ ထိန်း ချုပ်နိုင်ခဲ့တယ်။ PDF ထဲ ရောက်မသွားအောင်လေ။ အဲဒါကို ခင်ဗျားတို့ အတွက်က ခံပြင်းစရာအကောင်းဆုံး စိတ်နာစရာ အကောင်းဆုံးပဲ။ တကယ့်ဇရှိတဲ့ ဇိုးတော်တော်များများကို ဦးဇင်းက စည်းရုံးနိုင်ခဲ့တယ်။”ဟု အကြမ်းဖက် ပေါက်ဘုန်းကြီးက ပြောသည်။
၎င်းအပြင် မန္တလေးတစ်ကြောလုံးရှိ လူမိုက်အုပ်စုခေါင်းဆောင်များကို ကိုယ်တိုင်စည်းရုံးပေးခဲ့ပြီး အရေအတွက်များစွာ စည်းရုံးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် ပေါက်ဘုန်းကြီးသည် မြို့ပေါ်တွင် ရမ်းကားနေသည့် လူမိုက်များကို ဓားကိုင်မည့်အစား စစ်တပ်အတွက် သေနတ်ကိုင်ကြရန် တိုက်ရိုက်စည်းရုံးနိုင်ခဲ့ကြောင်း ဆက်လက် ရှင်းပြသည်။
“ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မင်းတို့ ရန်ဖြစ်နေတာ။ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်၊ တိုင်းပြည်အတွက် ပေးဆပ်။ ဒါမှ လူမိုက်အစစ်၊ တိုင်းပြည်ရဲ့ လူမိုက်အစစ်။ အခုက မင်းတို့က လူရမ်းကားဖြစ်နေတယ်။ ပြည်သူကိုအနိုင်ကျင့်တယ်။ ပြည်သူကို ပေါက်ကရလုပ်မယ်။ တကယ်မင်းတို့ ဇိုးပီသတယ်ဆိုလို့ရှိရင် ဓားကြီး တရမ်းရမ်း၊ ဓားကြီးတဝင့်ဝင့်နဲ့ မကိုင်နဲ့။ ဓားအစားသေနတ်ကိုင် သွားဆိုပြီး စည်းရုံးနိုင်ခဲ့တယ်။ အများကြီးပဲ။”ဟု အကြမ်းဖက် ပေါက်ဘုန်းကြီးက ဆက်လက်ပြောဆိုသည်။
၎င်းက ဆက်လက်၍ လူမိုက်အုပ်စုများကို ကွင်းဆက်လိုက် စည်းရုံးနိုင်ခဲ့ပုံနှင့် ပတ်သက်ပြီး “တစ်ယောက်ကို စည်းရုံးလိုက်နိုင်လို့ရှိရင် အဲဒီနောက်မှာ လေးငါးဆယ်ပါတယ်။ နောက်တစ်ယောက်ကိုစည်းရုံးလိုက်ရင် အဲဒီနောက်တစ်ယောက်ရဲ့ နောက်မှာ လေးငါးဆယ်ပါတယ်။” ဟု ဆိုသည်။
မန္တလေးတွင် ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့များကို စည်းရုံးပေးခဲ့ရုံသာမက လက်ရှိအချိန်အထိလည်း ငွေကြေးနှင့် ပစ္စည်းများကို ထောက်ပံ့ပေးနေဆဲဖြစ်ကြောင်းနှင့် စစ်တပ်အတွက် မသေမချင်း ရပ်တည်သွားမည်ဖြစ်ကြောင်း သူက ဆိုသည်။
“ပေါက်ကိုယ်တော် တစ်ထောင့်တစ်နေရာကနေ စည်းရုံးပေးခဲ့ရုံတင်မကဘူး။ ထောက်ပံ့မှုကတော့ ဒီနေ့ ဒီအချိန်အထိ ထောက်ပံ့တယ်။ မသေမချင်း တပ်မတော်ကိုထောက်ခံနေဦးမှာ။ ဒီတိုင်းပြည်မှာ ကမ္ဘာတည်သရွေ့ တပ်မတော်ရှိနေရမယ်။ တပ်မတော်က လိုအပ်လာရင် ပေါက်ကိုယ်တော် ပြန်ပေါ်လာဦးမှာ။ မသေမချင်း ပြန်ပေါ်လာဦးမှာ။ သေသွားလို့ လူပြန်ဖြစ်ရင်လည်း ပြန်ပေါ်လာဦးမှာ။ မန္တလေးမြို့မှာ တပ်မတော်အာဏာထိန်းပါပြီ ဆိုကတည်းက ပေါက်ကိုယ်တော် စည်းရုံးပေးခဲ့တယ်။ တပ်မတော်ထောက်ခံပွဲတွေ စီစဉ်ပေးခဲ့တယ်။ ကိုယ်တိုင်လည်း ဟောပြောခဲ့တယ်။”ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိ စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံး ပေါ်တာဆွဲမှုများဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍လည်း ပေါ်တာအဆွဲမခံလိုပါက ထွက်မပြေးကြဘဲ လူငယ်များ စစ်ထဲဝင်ကြရန် ၎င်းက ခြိမ်းခြောက်တိုက်တွန်းသည်။
“ပေါ်တာအဆွဲမခံချင်ဘူးမလား၊ ရှင်းရှင်းလေး မဲပေါက်ရင်သွားလိုက် ထွက်မပြေးနဲ့။ မဲပေါက်ခါနီး ထွက်မပြေးနဲ့ ထွက်ပြေးရင်ကော လွတ်မှာလား။”ဟု ပေါက်ဘုန်းကြီးက ဆိုသည်။
ပေါက်ဘုန်းကြီးသည် မန္တလေးရှိ ရဲမွန်တောင် ပြည်သူ့စစ်ဌာနအဖွဲ့ကို စတင်တည်ထောင်သူဖြစ်ပြီး အကြမ်းဖက် ဝီရသူ၏ တပည့်လည်းဖြစ်သည်။
မန္တလေးမြို့တွင် လူမိုက်များနှင့် ထောင်ထွက်များကို စုစည်း၍ ပျူစောထီးအဖွဲ့များ ထူထောင်ရာတွင် ပေါက်ဘုန်းကြီး၊ ဝီရသူနှင့် တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) အမတ် နေမျိုးကျော်တို့က ဦးဆောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲ ငွေညှစ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ဂိုဏ်းဖွဲ့၍ ဆက်ကြေးတောင်းခြင်းနှင့် မြေသိမ်းယူခြင်း အပါအဝင် မကောင်းမှုမှန်သမျှကို အကြီးအကျယ် ကျူးလွန်နေကြသည်။
မန္တလေးတွင် လုံခြုံရေးအကြောင်းပြ ဖွဲ့စည်းထားသော ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ မှာ ပြည်သူထုကို ဖိနှိပ်နေသော အကြမ်း ဖက်စစ်တပ်လက်အောက်ခံယန္တရားကြီးတစ်ခုဖြစ်လာသည့်အပြင် လူမိုက်များနှင့် ခိုးဆိုးလုယက် ဒုစရိုက်သမားများအတွက် တရားဝင် မိုက်ကမ်း အနိုင်ကျင့်မှုများ ကျူးလွန်နိုင်ရေး အကာအကွယ်ပေးနေသည့် အဖွဲ့များဖြစ်လာနေသည်။






