26 C
Yangon

စစ်အာဏာရှင်တော်လှန်ရေး သွေးသစ္စာ သီချင်းကို စစ်တပ်က အရှက်မရှိ ခိုးယူမှု အသစ်မဖန်တီးတတ်၍ လူထုကြိုက်သီချင်းဖြင့် စစ်ဝါဒဖြန့်လိမ်လည်မှုအဖြစ် မူရင်းသီချင်းပိုင်ရှင် အဆိုတော်မွန်းအောင်က ရှုတ်ချ

Must read

ရန်ကုန်၊ မေ ၂၆

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွက် ရည်ရွယ်ဖွဲ့ဆိုခဲ့သည့် “အရေးကြီးပြီ” (သွေးသစ္စာ) သီချင်းကို အာဏာသိမ်းစစ်တပ်က ပုံမှားရိုက်ခိုးယူကာ စစ်ဝါဒဖြန့်နေသည့်လုပ်ရပ်မှာ ကိုယ်ပိုင်အနုပညာအသစ် မဖန်တီးတတ်သဖြင့် လူထုကြိုက်သီချင်းဖြင့် ဇာတ်လမ်းအတုဆင်ကာ ပြည်သူနှင့် စစ်တပ်အပေါ် လှည့်ဖြားအမြတ်ထုတ်ခြင်းသာဖြစ်ကြောင်း မူရင်းသီချင်းပိုင်ရှင် အဆိုတော် မွန်းအောင်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်။

စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများအကြား ဆယ်စုနှစ်များစွာ တန်ဖိုးထားအသုံးပြုခဲ့သည့် အဆိုပါ “သွေးသစ္စာ” တေးသီချင်းကို အာဏာသိမ်းစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဟု အမည်ပြောင်းလဲကာ၊ မူလစာသားများအနက် “ခွပ်ဒေါင်းသွေး” ဆိုသည့် နေရာတွင် “စစ်သားသွေး” ဟု အစားထိုးခြင်းနှင့် စစ်တပ်ဂုဏ်ဖော်သည့် စကားလုံးအချို့ ဖြည့်စွက်ခြင်းတို့ဖြင့် ကူးယူပုံဖျက်ခဲ့ကြသည်။

ယင်းသို့ ပုံမှားရိုက်ထားသည့် စစ်တပ်ဝါဒဖြန့် တေးဂီတဗီဒီယိုကို ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားမှတစ်ဆင့် စစ်ယူနီဖောင်းအပြည့်အစုံဖြင့် တီးခတ်သီဆိုနေမှုကို ထုတ်လွှင့်ခဲ့ရာ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအကြား ဝေဖန်ပြစ်တင်မှုများ ပြင်းထန်ခဲ့သည်။

စစ်တပ်၏ ရုပ်သံထုတ်လွှင့်မှုတွင် ယင်းသီချင်းကို တေးရေး ဇာနည်စစ်သွေးက ရေးစပ်ပြီး မေဂျွန် (ရွှေသံစဉ်) က သီဆိုထားကြောင်း ဖော်ပြထားသဖြင့် စစ်တပ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန၏ ညွှန်ကြားမှုဖြင့် စနစ်တကျ ခိုးယူဝါဒဖြန့်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

ထို့ပြင် စစ်တပ်ထောက်ခံသူများက ဤခိုးယူမှုကို ဝန်မခံဘဲ အဆိုပါသီချင်းမှာ လွန်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်က ထွက်ရှိခဲ့သည့် မယ်ဒလင်သိန်းအောင်၏ စစ်ချီဓာတ်ပြားသီချင်းဖြစ်ကြောင်း ထပ်မံလိမ်ညာခဲ့ကြသည်။

ယင်းသို့ သမိုင်းလိမ်လည်ရန် ကြိုးပမ်းမှုအပေါ် သမိုင်းသက်သေအဖြစ် သက်ရှိထင်ရှားရှိနေသည့် အဆိုတော် မွန်းအောင်က လူမှုကွန်ရက်မှတစ်ဆင့် ရှုတ်ချတုံ့ပြန်ထားသည်။

“သမိုင်းကို ဘယ်လောက်ပဲ အတုအယောင် ဓာတ်ပြားတွေနဲ့ လိမ်ညာဖို့ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ ကျနော့်လို သက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။ အတုနဲ့ အစစ်ဟာ နံ့သာဆီနဲ့ အီးပါဘဲဗျာ။ ဖန်တီးချင်ရင် သေသေချာချာ အသစ်တခု ဖန်တီးကြစမ်းပါ။ အရေးကြီးပြီ သီချင်းဟာ ၁၉၆၀ လောက်က ထုတ်ခဲ့တဲ့ စစ်သွေးဇာနည်ရဲ့ မူရင်းသီချင်း ဆိုရင်လည်း အဲဒီဓာတ်ပြားဟောင်းလေး စစ်စစ်မှန်မှန် နားဆင်ပါရစေ”ဟု အဆိုတော်မွန်းအောင်က ရေးသားထားသည်။

ယင်းသီချင်းကို ရေးသားခဲ့သူမှာ ကွယ်လွန်သူ တေးရေး၊ တေးဆို အဆိုတော် ထူးအိမ်သင်ဖြစ်ပြီး ထူးအိမ်သင်၏ အနုပညာကို အမြဲကာကွယ်သွားမည်ဖြစ်ကြောင်း အဆိုတော်မွန်းအောင်က ဆက်လက်ထုတ်ဖော်ပြောဆိုသည်။

“ကိုထူးအိမ်သင်ရေ ခင်ဗျားရဲ့အနုပညာဟာ ဘယ်လောက်ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျနော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျနော်အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကို ကာကွယ်ပါ့မယ်။ သေသွားရင်လည်း ကျနော့်စကားတွေဟာ မှန်ကန်ကြောင်း နှောင်းလူတွေ စစ်ဆေး စမ်းသပ်နိုင်ပါလိမ့်မယ်”ဟု အဆိုတော် မွန်းအောင်က ဆိုသည်။

“အရေးကြီးပြီ” သီချင်းမှာ ၁၉၈၉ ခုနှစ်တွင် တေးရေး၊ တေးဆို ထူးအိမ်သင်က ဒီမိုကရေစီအရေးအတွက် တောခိုဝင်ရောက်စဉ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အတွက် ကိုယ်တိုင်ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ၁၉၉၂ ခုနှစ်တွင် အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့၌ အသံသွင်းယူကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခွန်အားပေးသီချင်းအဖြစ် သီဆိုထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ယခင်ကလည်း စစ်တပ်၏ နိုင်ငံရေးဒေါက်တိုင်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက “အရေးကြီး ပြီ” သီချင်းကို ပါတီအင်အားပြသီချင်းအဖြစ် အလွဲသုံးစားပြုလုပ်ခဲ့ဖူးသဖြင့် အဆိုတော် မွန်းအောင်အပါအဝင် တော်လှန်ရေးအင်အားစုများ၏ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article