ရန်ကုန်၊ ဇွန် ၂
အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းသင်တန်းကျောင်းတစ်ခုလျှင် စစ်မှုထမ်းတပ်သား ၄၀၀ ကျော် သင်တန်းဆင်းသော်လည်း အိမ်သို့ ပြန်နိုင်သူမှာ တစ်ဦးစ၊ နှစ်ဦးစသာရှိပြီး ကျန်ရှိသည့် စစ်မှုထမ်းတပ်သားအများစုမှာ ရှေ့တန်းစစ်မျက်နှာပြင်များတွင် စတေးခံကာ သေဆုံးနေကြရကြောင်း စစ်တပ်အတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ စစ်မှုထမ်းတပ်သား ကိုနေမျိုးထွန်းက ဖွင့်ဟပြောဆိုလိုက်သည်။
စစ်မှုထမ်းဥပဒေအမည်ခံဖြင့် အဓမ္မပေါ်တာဆွဲ ရောင်းစားခံခဲ့ရသူ ကိုနေမျိုးထွန်းသည် တွံ့တေးမြို့နယ်မှ ဖြစ်ပြီး ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အမှတ် ၁ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း(ဂျိုးဖြူ)တွင် စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းတက်ရောက်ခဲ့ရသူ ဖြစ်သည်။
စစ်တပ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းစဉ်က စစ်မှုထမ်း (ပစ) များအနေ ဖြင့် ရှေ့တန်းစစ်မျက်နှာပြင်သို့ ချက်ချင်းသွားရောက်ရမည်မဟုတ်ကြောင်း ပြောဆိုခဲ့သော်လည်း၊ လက်တွေ့တွင်မူ သင်တန်းဆင်းသည်နှင့် ရှေ့တန်းသို့ တိုက်ရိုက်ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း၊ ရှေ့တန်းတွင် စစ်မှုထမ်းတပ်သားများ အများဆုံး သေဆုံးကြကြောင်း၊ စစ်မှုထမ်းသင်တန်းကျောင်းတစ်ခုလျှင် စစ်မှုထမ်းတပ်သား ၄၀၀ ကျော်သင်တန်းဆင်းပြီး အိမ်ပြန်နိုင်သူ ၁ ဦးစ၊ ၂ ဦးစသာ ရှိကြောင်း ၎င်းက ဆိုသည်။
စစ်မှုထမ်းတပ်သား ကိုနေမျိုးထွန်းသည် သင်တန်းကျောင်းအတွင်း ရှိနေစဉ်ကပင် ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ၂ လတိုင်တိုင် ထိပ်တုံးခတ်ခံရပြီး နေ့စဉ်ရိုက်နှက်ညှဉ်းပန်းမှုကို ခံခဲ့ရသည်။ စစ်ကောင်စီတပ်သည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် လူငယ်များကို လူလှိုင်းစစ်ဆင်ရေးဖြင့် အတင်းအဓမ္မ ရှေ့တန်းတက်ခိုင်းခြင်း၊ မူးယစ်ဆေးဝါးများဖြင့် ဆွဲဆောင်ခြင်းတို့ကို ပြုလုပ်နေပြီး၊ သေဆုံးသွားသည့် စစ်မှုထမ်းများ၏ ရုပ်အလောင်းများကို မိသားစုထံ ပြန်လည်ပေးပို့ရန် မကြိုးစားဘဲ ကြုံရာနေရာ၌ပင် စွန့်ပစ်ထားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံနေရသူများမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် စစ်တပ်ထောက်ခံသူများ၏ သား သမီးများ မပါဝင်ဘဲ သာမန် ဝင်ငွေနည်း လက်လုပ်လက်စား သာမန်အရပ်သားလူငယ်များသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်လိုပဲ ဘယ်သူမှ မနေချင်ကြဘူး။ ဒါပေမယ့် သေနတ်ကြောက်တော့ ငြိမ်နေရတာပေါ့။ ပေါ်တာဆွဲခံရတဲ့သူ အများစုပါတယ်။ ကျနော့်လိုပဲ အားလုံးက လွတ်မြောက်ချင်ကြပါတယ်” ဟု ၎င်းက ဆိုသည်။
ကိုနေမျိုးထွန်းသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမြန်ဆုံး ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့သဖြင့် လက်ရှိတွင် လုံခြုံစိတ်ချရသည့် လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။




