29 C
Yangon

မြ၀တီမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်သဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ စစ်ရှောင် မြန်မာပြည်သူထောင်ချီ ထွက်ပြေး၊ ထိုင်းနိုင်ငံဘက်အခြမ်းသို့ မြန်မာစစ်တပ်၏ ဒရုန်းဗုံး ပေါက်ကွဲမှုကြောင့် မြန်မာအလုပ် သမား မိသားစုဝင် ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသဖြင့် စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး အဆိုပါလူများအနက် လူ ၂၀၀ ဝန်းကျင်မှာ ထိုင်းနိုင်ငံ တတာ့ခ်ခရိုင်အတွင်းသို့ ဝင်ရောက်ခိုလှုံလာကြောင်း ထိုင်းတာဝန်ရှိသူများက ယမန်နေ့ ထုတ်ဖော်ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ KNLA နှင့် တော်လှန်ရေးတပ်များက ထိုင်းနိုင်ငံ၊ ဖုတ်ဖရတ်မြို့နယ်၊ ဝါလေကျေးရွာအုပ်စု၊ ဘန်ဝါလေရွာနှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း၌ရှိသော သီချာလဲစခန်းမှ မြန်မာစစ်တပ်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ငယ်များရော လက်နက်ကြီးများပါ အသုံးပြု၍ တစ်နေ့လုံး အပြန်အလှန် ပစ်ခတ်ခဲ့ကြသောကြောင့် သေနတ်သံနှင့် ပေါက်ကွဲသံများကို ထိုင်းဘက်ခြမ်းမှလည်း အတိုင်းသား ကြားခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနား ဝန်းကျင်မှ မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်သည် နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး၊ လူ ၂၀၀ ခန့်မှာ ထိုင်းနယ်မြေထဲသို့ ဝင်ရောက်လာကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ယာယီခိုလှုံရာနေရာများ ပေးထားပြီး ကူညီစောင့်ရှောက်ပေးထားကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းဘက်အခြမ်းတွင် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုများပေးနိုင်ရန် ထိုင်းတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရှိရသည်။

ယင်းအပြင် ယမန်နေ့ မြန်မာဘက်ခြမ်းတွင် တစ်နေ့လုံး တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီးနောက် ဇွန်လ ၂ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ ဖုတ်ဖရတ်မြို့နယ်၊ မောကဲထိုင်းကျေးရွာသို့ ဒရုန်းနှင့်ဗုံးများ ကျရောက်ခဲ့ကြောင်း၊ စိုက်ခင်းထဲသို့ ကျရောက်နေသော ဒရုန်းနှင့်ဗုံးသီးကို အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦးက သွားရောက်ကြည့်ရှုကြစဉ် ပြင်းထန်စွာ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဒရုန်းဗုံးသီး ပေါက်ကွဲမှုကြောင့် အသက် ၂၅ နှစ်အရွယ် မခိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကိုတူးရနှင့် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူတို့မှာ ပြင်းထန်သော ဒဏ်ရာများကြောင့် ဒေသခံများက ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း၊ အခြားမြန်မာအလုပ်သမား ၂ ဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိထားကြောင်း သိရှိရသည်။

“ဖုတ်ဖရဘက်မှာ ကျသွားတဲ့ ဒရုန်းက မြန်မာစစ်တပ်က သုံးနေတဲ့ အသေခံဒရုန်းအမျိုးအစားပါ။ KNLA တပ်စခန်းနဲ့ တပ်မဟာ ၇ ကိုလည်း အဲဒီဒရုန်းတွေနဲ့ပဲ တိုက်ခိုက်ခဲ့တာ။ မြန်မာစစ်တပ်ရဲ့ ဒရုန်းဆိုတာလည်း ထိုင်းဘက်က သိတယ်” ဟု KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ဒရုန်းဗုံးပေါက်ကွဲခဲ့သော နေရာကို အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ကာ၊ မှုခင်းဆရာဝန်များနှင့် သက်သေခံအထောက်အထား ရှာဖွေရေးအဖွဲ့များ အသေးစိတ် စစ်ဆေးနိုင်ရန် ပိတ်ဆို့ထားကြောင်း၊ ထို့အပြင် နယ်စပ်ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် ဝတ္ထုပစ္စည်းများကို တွေ့ရှိပါက အသက်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် လုံးဝကိုင်တွယ်ရွှေ့ပြောင်းခြင်း သို့မဟုတ် ယူဆောင်ကစားခြင်းမျိုး မပြုလုပ်ကြရန် အာဏာပိုင်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။

ကိုးကား- Khoasod ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article