By နန်းလျှံ/ရန်ကုန်
ရန်ကုန်မြို့တွင် ကျားဖြန့် တရုတ်များက ဟိုတယ်၊ ဘာသာစကား သင်တန်းကျောင်းများ အပါအဝင် တရားဝင် လုပ်ငန်းများစွာကို အမည်ခံ ဖွင့်လှစ်၍ အွန်လိုင်းငွေလိမ်လည် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ရန်ကုန်မြို့ရှိ ကျားဖြန့် လုပ်ငန်းများတွင် အလုပ်လုပ်ခဲ့ပြီးနောက် လုပ်ငန်းခွင် စွန့်ခွာခဲ့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ကျားဖြန့် ဂိုဏ်းများကို စစ်တပ်က နှိမ်နင်းပြီးနောက် ကျားဖြန့်လုပ်ကိုင်သော တရုတ်များမှာ ရန်ကုန်မြို့ပေါ်သို့ ရောက်ရှိလာကြကြောင်း၊ အထူးသဖြင့် လှိုင်သာယာမြို့နယ်တွင် မြ၀တီဘက်မှ တက်လာသော တရုတ်နိုင်ငံသားများစွာ ပြန်လည် အခြေစိုက်လာကြောင်း၊ ကျားဖြန့် တရုတ်များက ရန်ကုန်မြို့အတွင်း နေရာများ ဖြန့်ခွဲကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တရားဝင်လုပ်ငန်းများ ဗန်းပြ ခြေရာဖျောက် လုပ်ကိုင်လာကြကြောင်း သိရှိရသည်။
အဆိုပါ ကျားဖြန့်တရုတ်များမှာ မြန်မာနိုင်ငံသားမှတ်ပုံတင်များ ကိုင်ဆောင်ထားကြပြီး ရှမ်းမြောက်မှတ်ပုံတင်များ၊ ယခုနောက်ဆုံး ရန်ကုန်တိုင်း မှတ်ပုံတင်များကိုပါ ကိုင်ဆောင်ထားကြကြောင်း သိရှိရသည်။
အထူးသဖြင့် ကျားဖြန့်တရုတ်များက ဟိုတယ်များ၊ KTV များနှင့်ဘားများကို ဖွင့်လှစ်လာကြသည့်အပြင် ကွန်ဒိုများကို ငှားရမ်း၍ တရုတ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ကိုရီးယားစကားပြောသင် တန်း စသည့် နာမည်အမျိုးမျိုးဖြင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားကာ ကျားဖြန့် အွန်လိုင်းငွေလိမ်လည် လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
လက်ရှိ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ တရုတ်ပိုင် မန်ဒရင်းဟိုတယ်၊ လှိုင်သာယာဟို တယ်၊ L.C Hotel များမှာ ဟိုတယ်လုပ်ငန်းဖွင့်လှစ်ထားသော်လည်း လာရောက်တည်းခိုသူ မရှိသလောက်နည်းပါးပြီး ၎င်းတို့၏ အွန်လိုင်းငွေလိမ်လည် ကျားဖြန့်လုပ်ငန်းများကို အမြဲမပြတ် လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
“လှိုင်သာယာမှာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ဘားတွေ တရုတ်တွေကပဲ ဖွင့်ထားတာ။ ဧည့်သည်မရှိဘူး။ သူတို့ လူတွေချည်းပဲ။ အဲဒီအထဲကို အပြင်လူတွေ ဝင်လို့မရဘူး။ သူတို့ တရုတ်လူမျိုးတွေနဲ့ပဲ တံခါးပိတ် အလုပ်လုပ်ကြတာ။ ကျားဖြန့်ငွေလိမ်တာတွေပဲ။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို လိုင်စင်ယူပြီး အထဲမှာ အွန်လိုင်းငွေလိမ် တာတွေ လုပ်နေကြတာ။ တပ်လည်းသိတယ်၊ ရဲလည်း သိတယ်။ ထွေ/အုပ်လည်း သိတယ်။ အကုန် လိုင်းကြေးပေးထားကြတာ” ဟု ယင်းအခြေအနေများကို သိရှိထားသော ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် မြ၀တီမြို့နယ်မှ ထွက်ပြေးလာသော ကျားဖြန့် တရုတ်များက ငွေကြေးမြောက်မြားစွာ သုံးစွဲကာ FMI အိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ နဝဒေးအိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာနှင့် ထီးလှိုင်ရှင်အိမ်ရာတို့တွင် စျေးကြီးပေး၍ ဝယ်ယူကာ အခြေချနေထိုင်ကာ လုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ကျားဖြန့် တရုတ်များက ဖမ်းဆီးအရေးယူခြင်း မခံရစေရန်အတွက် နယ်မြေခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အိမ်ရာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ထွေခွဲအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) တာဝန်ရှိသူများနှင့် နယ်မြေခံ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များကို တစ်လလျှင် ငွေကျပ် သိန်းရာချီ၍ လာဘ်ငွေများ ပေးဆောင်ထားကြသည်ဟု သိရှိရသည်။
လှိုင်သာယာမြို့နယ်ကဲ့သို့ပင် တာမွေမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမြင့်ဝင်းကလည်းကောင်း၊ ဗဟန်းမြို့နယ်တွင် ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းတို့ကလည်းကောင်း ကျားဖြန့် တရုတ်များကို ကာကွယ်ပေးထားကြောင်း၊ လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာတွင်လည်း အခြေချနေထိုင်နေသော ကျားဖြန့် တရုတ်များကို အိမ်ရာကော်မတီဝင်များနှင့် စစ်တပ်တို့ ပူးပေါင်းကာ လာဘ်ငွေများ ရယူကာကွယ်ပေးနေကြသည်ဟု သိရှိရသည်။
” ကျားဖြန့် တရုတ်တွေက တရားဝင် လုပ်ငန်းတွေကို ဆိုင်းဘုတ်တပ်ထားတာ တံခါးတွေက အမြဲပိတ်ထားတာ။ အဲဒီအထဲမှာ သူတို့လူတွေက အပြည့်၊ တာမွေမြို့နယ်မှာလည်း များတယ်၊ ပြီးတော့ လှိုင်သာယာမြို့နယ်ရင်ဆို တရုတ်ပိုင် မန်ဒရင်းဟိုတယ်၊ လှိုင်သာယာဟိုတယ်၊ L.C Hotel၊ FMI အိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ နဝဒေးအိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ အဲဒီနေရာတွေမှာ အခြေချတယ်၊ တရုတ်တွေချည်းပဲ။ သူတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အိမ်ရာအုပ်ချုပ်ရေးမှူးဝင်တွေကို တစ်လတစ်လ သိန်းရာချီရှာပေးတာ။ အဲဒါမို့ အဲနေရာကို လုနေကြတာ အကုန်။ တာမွေမှာဆို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ လှိုင်သာယာမှာဆို ထီးလှိုင်ရှင်အိမ်ရာကဆို အိမ်ရာကော်မတီက သူတွေ စစ်တပ်နဲ့ ပေါင်းရိုက်နေတာ။ ပြီးတော့ ဗဟန်းက ရွှေလိပ်ပြာဟိုတယ် ကျားဖြန့်ကို ကာကွယ်ပေးထားတာက မြို့နယ်က ဦးကံဝင်း။ သူတို့ကို ဘာလို့သိလဲဆိုတော့ ကျားဖြန့်ကွန်ရက်တွေက အကုန်တူတူပဲ ရန်ကုန်တမြို့လုံး ဖြန့်ခွဲထားတာရ၊ သူတို့နဲ့ အမြဲ ပတ်သက်နေရတာ။”ဟု ကျားဖြန့်လုပ်ငန်းများတွင် ပါဝင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် သတင်းရင်းမြစ်က ရှင်းပြသည်။
၂၀၂၄ ခုနှစ်အတွင်းက လှိုင်သာယာမြို့နယ် အမှတ် (၁) နည်းဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးတို့မှာ အောင်ဇေယျအိမ်ရာအတွင်းရှိ ကျားဖြန့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးခံခဲ့ရဖူးသော်လည်း အဆင့်ဆင့် လာဘ်ငွေ ထိုးနိုင်သဖြင့် လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းမှ စစ်တပ်အရာရှိကြီးများနှင့် အောက်ခြေ မြို့နယ်နှင့် အိမ်ရာအုပ်ချုပ်ရေးမှူးများက ကျားဖြန့်ဂိုဏ်းများနှင့် ကျားဖြန့် တရုတ်များထံမှ ငွေကြေးအမြောက်အမြား လာဘ်ငွေရယူကာ သိန်းထောင်ချီတန်သည့် မြေကွက်များကို ကြိတ်ဝယ်ယူကာ ချမ်းသာလာကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကျားဖြန့်တရုတ်ပိုင်ဟိုတယ်များ။





