25.2 C
Yangon

ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်တပ်၏ အားအထားရဆုံး ပျူစောထီးကျေးရွာတစ်ရွာဖြစ်သော ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် လက်နက်မချဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ပေါက်မြို့နယ်အတွင်း ပျူစောထီးအင်အား ရာချီရှိပြီး ပေါက်ကိုယ်တော် (အာရိယာဝံသ) ၏ အားအထားရဆုံး ခံတပ်ဖြစ်သည့် ကုက္ကိုလ်စုကျေးရွာနှင့် ရေပြာရဲစခန်းတို့မှာ ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်မှုအောက်သို့ ကျရောက်ခဲ့သည်။

ထိုသို့ ကျေးရွာကျဆုံးသွားပြီးနောက် ရွာအတွင်းရှိ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် လက်နက်မချဘဲ မြိုင်မြို့နယ်ရှိ စက်မှုဇုန် ၂ ဘက်သို့ လက်နက်အပြည့်အစုံဖြင့် တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြသည်။

၎င်းတို့၏ လက်နက်ကိုင်ဆောင် ထွက်ပြေးမှုကြောင့် လမ်းခရီးတစ်လျှောက်တွင် ဒေသခံပြည်သူများ အထိတ် တလန့်ဖြစ်ကာ အနည်းဆုံး ကျေးရွာ ၅ ရွာခန့်မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်နက်ကိုင်ဆောင် ထွက်ပြေးသွားသည့် ပျူစောထီးများကို ဖမ်းဆီးနိုင်ရန်အတွက် အညာမြေတပ်ပေါင်းစုနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီး ပူးပေါင်းကာ ကင်းထောက်ခြင်းနှင့် တောနင်းရှာဖွေခြင်းများကို မနားမနေ လုပ်ဆောင်ခဲ့ကြရာ ရလဒ်အနေဖြင့် ဇွန်လ ၅ ရက် ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် ပေါက်မြို့နယ် တောတွင်းတစ်နေရာ၌ ထိုပျူစောထီးအဖွဲ့ကို အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ကုက္ကိုစုပျူရွာကနေထွက်ပြေးတဲ့ ပြည်သူ့ စစ် ၅၀ ကျော်ကို ပထမ ဖမ်းဆီးရရှိတယ်။ နောက်ထပ် ၂၀ ကျော် ထပ် မိတယ်။အားလုံးကိုကျနော်တို့ ဘာမှ မလုပ်ပါဘူး။ လူသားချင်းစာနာထောက်ထားမှုနဲ့ ထိန်းသိမ်းထားပါတယ်။ ဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဖမ်းဆီးရရှိသော ပျူစောထီးများထံမှ ၆၀ မမ လက်နက်ကြီး အပါအဝင် လက် နက် ၁၇ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

သို့သော်လည်း ယင်းအဖွဲ့ကို ဦးဆောင်လာသည့် ကုက္ကိုလ်စု ပျူစောထီးခေါင်း ဆောင်နှင့် စစ်ကောင်စီတပ်သား ၅ ဦး (စုစုပေါင်း ၆ ဦး) သည် ၎င်းတို့ခေါ်ဆောင် လာသည့် ပျူစောထီးများနှင့် မိသားစုဝင်များကို စွန့်ပစ်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လက်ရှိအချိန်အထိ ၎င်းတို့ ၆ ဦးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ရှာဖွေနေဆဲ ဖြစ် သည်။

ဖမ်းဆီးရမိသည့် ပျူစောထီးများနှင့် မိသားစုဝင်များသည် ကနဦးတွင် လက် နက်မချဘဲ ပြန်လည်ခုခံမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) ဥပဒေများနှင့်အညီ စစ်သုံ့ပန်းအဖြစ် သတ် မှတ်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တပ်ပေါင်းစု၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၄ ရက်နေ့ ရေပြာကျေးရွာရဲစခန်းနှင့် ကက္ကိုလ်စုကျေးရွာပျူစောထီးစခန်းများ သိမ်းပိုက်ရရှိမှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄၀​ကျော် သေဆုံးကာ စစ်သားနှင့်ပျူစောထီး ၂၀ ဦးကျော် အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၃၀ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article