ရန်ကုန်၊ ဇွန် ၈
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး မိုးမကျမီ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောဆိုခဲ့ပြီးနောက်၊ လက်ရှိတွင် ကလေး-တမူးလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်တပ်က ကလေးဘက်ကရော တမူးဘက်ကပါ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့သော အိန္ဒိယခရီးစဉ်အတွင်း မင်းအောင်လှိုင်က စစ်တပ်အနေဖြင့် ကလေး-တမူး လမ်းကြောင်း ပြန်လည်ပွင့်လင်းရေးနှင့် အလေးအနက်ထားလုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် စစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင်မှုများနှင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
မြန်မာ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံကို ဆက်သွယ်မည့် မိုင်ပေါင်း ၈၀၀ ကျော် ရှည်လျားသော အဝေးပြေးလမ်းမကြီး စီမံကိန်းတွင် လက်ရှိ ထိုင်းနှင့် မြန်မာအကြား လမ်းကြောင်း အတော်များများ ပွင့်လင်းနေပြီး သွားလာမှုများ ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးအခြေအနေအရ အချို့နေရာများ၌ အခက်အခဲများ ရှိနေသောကြောင့် အဆိုပါစီမံကိန်းကို ယာယီရပ်ဆိုင်းထားရသော်လည်း ယခုအခါ လုံခြုံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်တပ်က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်းလည်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ ခရီးစဉ်အပြီး ဇွန်လ ၅ ရက်နေ့မှ စတင်ကာ စစ်တပ်က ကလေး-တမူး လမ်းပိုင်းကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ကလေးမြို့ဘက်မှရော၊ တမူးမြို့ဘက်မှပါ နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုး စစ်ဆင်လာကြောင်း သိရသည်။
စစ်တပ်က ကလေးမြို့မှ ၅၆ မိုင်အထိ စစ်ယာဉ်တန်းများဖြင့် အင်အားသုံး ချီတက်လာခဲ့ပြီး၊ ထိုနေရာမှတစ်ဆင့် ခြေလျင်စစ်ကြောင်းဖြင့် ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
ယနေ့ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင်လည်း တမူးဘက်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် လာဗလ်းကျေးရွာ အနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော စစ်တပ်၏ စစ်ကြောင်းထိုးလာမှုနှင့်တိုက်ပွဲများကြောင့် ကလေး-တမူး ကားလမ်းမတစ်လျှောက်ရှိ ကျေးရွာများဖြစ်ကြသည့် ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ဖက်ယားရေရှင်၊ ကျွန်းတော့ရေရှင်၊ နန်းခေါက်ခေါက်၊ နန်ကတိတ်၊ ခမ်းပတ်၊ ကနန် ကျေးရွာများအပါအဝင် လမ်းဘေးဝဲယာရှိ ကျေးရွာပေါင်းများစွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်နေကြရသည်။
မြေပြင်သတင်းရင်းမြစ် ၏ အဆိုအရ စစ်ရှောင်ပြည်သူများမှာ နီးစပ်ရာ ဘေးကင်းလုံခြုံမည့် မြို့ပြများဘက်သို့ တိမ်းရှောင်ကြသလို အများစုမှာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့လည်းကောင်း၊ နီးစပ်ရာ တောထဲတောင်ထဲသို့လည်းကောင်း အရေးပေါ် တိမ်းရှောင်ခိုလှုံနေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဧပြီလအတွင်း တမူးမြို့တွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ခြံရံပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




