ရန်ကုန်၊ ဇွန် ၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ် မီးလောင်ပြင်တွင် အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသော ပြည်သူ ၅ ဦးရုပ်အလောင်းများ ထပ်မံတွေ့ရှိ သတ်ဖြတ်ခံရသူ ၅၀ နီးပါးရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် ပခုက္ကူ တပ်မ ၁၀၁ မှ လာသော စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် မြစ်ခြေမြို့ပေါ်မှ နေအိမ်များ၊ ဈေးတန်းများ၊ ထန်းတောချာက်ရွာ ၊ ညောင်ပင်ရွာ ၊ ဥယာဉ်ရွာ ၊ နံဂတ်ရွာ ၊ မွန်းနံကုန်းရွာ ၊ အင်းဝိုင်းရွာ ၊ ကူကျွန်းရွာ၊ အိုင်ရှည်ရွာ နှင့် သဖန်းပင်ရွာ အပါအဝင် ရွာပေါင်း ၁၀ ခုကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော ကျေးရွာများမှ ပြည်သူများ အပါအဝင် မြစ်ခြေမြို့မှ ပြည်သူ ၅၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို သတ်ဖြတ်ခဲ့သည့် နေရာများတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန် စစ်တပ်စစ်ကြောင်းက မြစ်ခြေမြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မြစ်ခြေမြို့ပေါ်ကို ဇွန်လ ၆ ရက်နေ့က ဒေသပြည်သူများ ပြန်လည်ဝင်ရောက်စဉ် မီးလောင်ပြင်၌ စစ်သားများက မီးရှို့သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဒေသပြည်သူအများစုသည် စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကြောက်လန့်နေကြပြီး နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဟိုနေ့က ရှင်းလင်းရေးဝင်တာ အလောင်း ၅ လောင်းလောက်ထပ်တွေ့တယ်လို့ သိရတယ်။ မြို့ပေါ်မှာတော့ စစ်ခွေးက မရှိတော့ဘူး။ မြစ်ခြေမြို့ရှင်းလင်းရေးက အကုန်မလုပ်နိုင်သေးဘူး။ တချို့ကကြောက်တော့ မဖယ်ရဲ မကိုင်ရဲတွေဖြစ်နေတယ်။ ထနောင်းကုန်းရပ်ကွက်ထဲမှာ ပုတ်ဆော်တွေက နံနေတုန်းပဲ အကုန်လုံးကို ရှင်းလင်းရေး မဝင်နိုင်သေးဘူး။ အခုအဲ့ စစ်ခွေးစစ်ကြောင်းက ပခုက္ကူ တပ်မ ၁၀၁ ကို ဆုတ်သွားပြီလို့ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြစ်ခြေမြို့ပေါ်တွင် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ဆွဲကြီးရပ်ကွက်မှ နေအိမ် ၃၂၀ ၊ ရွာသာအေးရပ်ကွက်မှ နေအိမ် ၅၀၊ ဖိုကုန်းရပ်ကွက်မှ နေအိမ် ၂၀၊ ထနောင်းကုန်းရပ်ကွက်မှ နေအိမ် ၁၀၀နှင့် မြို့သစ်ရပ်ကွက်မှ နေအိမ် ၃၀ မီးလောင်ပြာကျခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများမှ နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။






