26.2 C
Yangon

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဟု မင်းအောင်လှိုင် အပြစ်တင်

Must read

ရန်ကုန်၊ ဇွန် ၁၀

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ ပြည်တွင်းပြည်ပသွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ ကန့်ကွက်ခဲ့မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြောဆိုလိုက်သည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အပြစ်တင်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ မြစ်များနှင့် ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ သို့ရာတွင် ရေရှည်ဖြစ်ပေါ်လာမည့် အကျိုးရလဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကို မလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နေကြသူများ၏ စကားများကို နားယောင်ကာ ကန့်ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က အပြစ်တင်သည်

အကယ်၍ ရေအားလျှပ်စစ်စီမံကိန်းများကြီးကို ကန့်ကွက်မှုများသာ မရှိခဲ့ပါက ယခုအချိန်တွင် နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်တွင် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

မင်းအောင်လှိုင်က ထိုသို့ ပြောဆိုမှုနှင့်အတူ မြန်မာနိုင်ငံတွင် သမ္မတ သိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော ဧရာ၀တီမြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ရန် အရှိန်အဟုန်ဖြင့် ပြင်ဆင် လျက်ရှိသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် စတင်ရန် ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ် ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကို ပြန်လည်စတင်ရေး တရုတ်နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိတွင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူ များ လက်ခံလာစေရေးအတွက် အကြမ်းဖက်စစ်တပ်က စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ဧရာ၀တီမြစ်ဆုံစီမံကိန်းမှာ စစ်အာဏာရှင် သန်းရွှေ လက်ထက် ၂၀၀၂ ခုနှစ်ကတည်းက လေ့လာရေးစလုပ်ခဲ့ပြီး တရုတ် CPI ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်ခဲ့ရာမှ ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရအမိန့်ဖြင့် ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article