ရန်ကုန်၊ ဇွန် ၁၀
အကြမ်းဖက် မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း တောင်ငူမြို့သို့ လှည့်လည်လာရောက်ခဲ့ပြီးနောက် တောင်ငူမြို့လယ်တွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်နှင့်စည်ပင်တို့က ကရိန်းဖြင့် ဖျက်ဆီး ဖယ်ရှား ရှင်းလိုက်ကြောင်း တောင်ငူမြို့မှ ပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် စစ်တပ်နှင့်စည်ပင်တို့က တောင်ငူမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်ကားများဖြင့် လာရောက်ဖျက်ဆီး သယ်ဆောင် ဖယ်ရှားသွားခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရာ ဗိုလ်ချုပ်ရုပ်တုရင်ပြင်ကိုလည်း ဖျက် ဆီးသွားကြောင်း၊ ယင်းသို့ ဖျက်ဆီးမှုမှာ ဇွန်လ ၆ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့သို့ လာရောက်ပြီးနောက် ၃ ရက်အကြာ ဇွန်လ ၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“တောင်ငူမှာ မအလ လာပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုကရိန်းနဲ့ဆွဲချ ဖျက်ဆီးသွားတာ။ မနေ့ ည ၉ နာရီကျော်လောက်မှာလုပ်တာ။ ရှေးဟောင်းမြို့ ဖော်မယ်ဆိုတဲ့စီမံကိန်းနဲ့ ဘူတာသွားကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကို သူမြင်ပြီး ဖယ်ရှားခိုင်းတာ။ ညကထွက်ကြည့်တဲ့သူတွေကို စစ်တပ်က မောင်းထုတ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
တောင်ငူမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုမှာ ၁၇ ရပ်ကွက်၊ ကန်လမ်း၊ ကေတုမတီကျုံးအနီး ဗိုလ်ချုပ်ရုပ်တုရင်ပြင်တွင် ထားရှိခြင်းဖြစ်ပြီး အဆိုပါ ရုပ်တုကြီးသည် အမြင့် ၁၅ ပေ၊ အလေးချိန် ၄၅၃ ပိဿာရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အမြင့်ဆုံးအဖြစ် သွန်းလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတစ်ခုဖြစ်သည်။ ယင်းဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။






