26.2 C
Yangon

ရေစကြိုမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၀

မကွေးတိုင်း၊ ရေစကြိုမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံနှင့် စစ်မှုထမ်းဟောင်းရုံးရှိ အကြမ်းဖက် စစ်သားများက အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ၄ ကြိမ် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် အနီးအနားရှိ ကျေးရွာများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် ထိမှန်သေဆုံးသူ ၂ ဦးသည် ရေစကြိုမြို့ တောင်ဘက်ပိုင်းရှိ သမန္တပို့ရွာမှ ပြည်သူများအဖြစ်ပြီး အမည်များကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေကမြို့ ပတ်ပတ်လည်က ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ သေဆုံးသူ ၂ ဦးက ရေစကြိုမြို့တောင်ဘက် သမန္တပို့ရွာက ပြည်သူတွေလို့ သိရတယ်။ အမည်တွေကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ဖုန်းလိုင်းတွေလည်းမရတော့ အဆက်အသွယ်ပြတ်တောက်နေတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ယခုနှစ် ဧပြီလ ၂၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရှိ ပျူစောထီးကျေးရွာဖြစ်သော မင်းရွာမှ စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ငတေရော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ငတေရော်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ရှင်ဝိသုတ၊ အသက် ၈ နှစ်အရွယ် မောင်ဟိန်းညီညီထက်နှင့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်ကိုကို (ခ) မောင်မြတ်သူရကျော်တို့ သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဗုံး ၈ လုံးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ဇွန်လ ၉ ရက် ညနေ ၃ နာရီမှ ၃ နာရီ ၄ မိနစ်အထိ မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်၊ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၉ နာရီ ၁၄ မိနစ်၊ ၉ နာရီ ၂၀ မိနစ်နှင့် ၉ နာရီ ၂၉ မိနစ်တို့ တွင် မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် စုစုပေါင်း ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၁၅ မိနစ်အထိ မင်းတပ်မြို့အရှေ့ခြမ်းနေရာ များကို စစ်ကောင်စီ၏ တံတားလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် ဗုံး ၆ လုံး ကျဲချခဲ့သည့် အပြင် Y- 12 လေယာဉ်ဖြင့် ၄ လုံးတစ်တွဲ၊ ၅ လုံးတစ်တွဲ စသည့်အတွဲလိုက် ၉ ကြိမ် တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဗုံး အလုံး ၄၀ ကျော် အသုံးပြုခဲ့ကြောင်း၊ အလားတူ ဇွန်လ ၇ ရက် နံနက်ပိုင်းကလည်း မင်းတပ်မြို့ပေါ် နေရာအချို့ကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ဇွန်လ ၆ ရက် နံနက်ပိုင်းကလည်း မင်းတပ်မြို့ အရှေ့ခြမ်း တစ်နေရာကို နေပြည်တော်အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article