ရန်ကုန်၊ ဇွန် ၁၅
ဗိုလ်လောင်းသင်တန်း ဆင်းပြီး ၁ နှစ်မပြည့်ခင် ချင်းပြည်နယ်တွင် မိုင်းမိ၍ ခြေဖြတ်လိုက်ရသည့် ဒုဗိုလ်အောင်ကိုနိုင်ကို ထောက်ပံ့ရန် လှုံ့ဆော်သော်လည်း ကူညီသူမရှိသဖြင့် စစ် တပ်လော်ဘီများအကြား အပြန်အလှန် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှီသည်။
ဒုဗိုလ်အောင်ကိုနိုင်သည် (ဗထူး) အခြေစိုက် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၁၂၈ မှ ကျောင်းဆင်းပြီး ၁ နှစ်မပြည့်ခင် ချင်းပြည်နယ်စစ်ဆင်ရေးအတွင်း မိုင်းနင်းမိကာ ခြေ ထောက်ဖြတ်လိုက်ရသည့် စစ်ကောင်စီတပ်မှ ဒုဗိုလ်အောင်ကိုနိုင်ကို ထောက်ပံ့ကူညီရန် တပ် လော်ဘီများက လှုံ့ဆော်နေကြသော်လည်း ကူညီမည့်သူမရှိဘဲ ဖြစ်နေကြောင်း စစ် တပ်လော်ဘီ တယ်လီဂရမ်လူမှုကွန်ရက်စာ မျက်နှာများတွင် ရေးသားဖော်ပြထားသည်။
ဒုဗိုလ်အောင်ကိုနိုင်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်သင်တန်း ကျောင်းဆင်းခဲ့ပြီး၊ ကျောင်းဆင်းပြီး ၇ လအကြာ စက်တင်ဘာလအတွင်း ချင်းပြည်နယ်စစ်ဆင်ရေးသို့ သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
၎င်းကို အချိန်မီ စစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဒဏ်ရာမှာ သက်သာလာခြင်းမရှိသည့် အတွက် အဆိုပါမိုင်းမိခဲ့သည့် ခြေထောက်ကို ဖြတ်တောက်လိုက်ရသည်။
လက်ရှိတွင် စစ်တပ်လော်ဘီများဖြင့် ဖွဲ့စည်းထားသော “သစ္စာရှင်ပရဟိတအဖွဲ့” က ဒုဗိုလ်အောင်ကိုနိုင်ကို ဆက်လက်ကူညီနိုင်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားပြီး စစ်တပ်လော်ဘီအချို့ကလည်း စစ်ဆေးရုံသို့ သွားရောက်ကူညီကြရန် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း သွားကူညီရန် စာရင်းပေးသူမရှိသဖြင့် အားမလိုအားမရဖြစ်ရကြောင်း တပ်လော်ဘီများက ညည်းတွားရေးသားနေကြသည်။
တပ်လော်ဘီတစ်ဦးက “ဟိုဘက် နီပိန်းရပ်ကွက် တစ်ခုခုဆို ဝိုင်းကြ ဝန်းကြတယ်။ ကိုယ့်ဘက်မှာ မိုင်းမိလို့ ခြေထောက်ဖြတ်ရသူကို ကူညီဖို့ စာရင်းကောက်တာတောင် မသိယောင်ဆောင်ကြတယ်။ နီပိန်းတွေက အဲဒါတော့ ကိုယ့်ဘက်က လူတွေထက် အများကြီးသာတယ်” ဟု စိတ်ပျက်လက်ပျက်ဖြင့် တယ်လီဂရန်ချန်နယ်တွင် မှတ်ချက်ပြု ရေးသားထားသည်။
အကြမ်းဖက်စစ်တပ်က မြေပြင်စစ်ဆင်ရေးများ အရှိန်မြှင့်နေချိန် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များပြားနေပြီး ဒုဗိုလ်အောင်ကိုနိုင်ကဲ့သို့ ကျောင်းဆင်းစ အရာရှိများပါ ထိခိုက်သေဆုံးမှုများ မြင့်တက်နေကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။





