ရန်ကုန်၊ ဇွန် ၁၅ ရက်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဇိတာ ၁၃ လမ်းအတွင်း နှစ်ပေါင်း ၄၀ ကျော်ကြာ အခြေချနေထိုင်လာခဲ့သည့် ပြည်သူများကို အာဏာပိုင်များက အစားထိုးနေရာချထားပေးခြင်း သို့မဟုတ် လျော်ကြေးပေးခြင်းမျိုး လုံးဝမရှိဘဲ ကျူးကျော်ဟုဆိုကာ လာမည့် ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍ အတင်းအကျပ် ဖျက်သိမ်းခိုင်းနေသောကြောင့် လူဦး ရေ ၃၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်မည့် ဘေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ သုဇိတာ ၁၃ လမ်းအတွင်း နေထိုင်သူများသည် ၎င်းတို့၏ မိဘဘိုးဘွားလက်ထက် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် အခြေချနေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။
လက်ရှိတွင် အာဏာပိုင်များ၏ ဖယ်ရှားရှင်းလင်းရေး အမိန့်ညွှန်ကြားချက်ကြောင့် လမ်းအတွင်းရှိ ပျမ်းမျှအိမ်ခြေ ၁၀၀ နီးပါးနှင့် လူဦးရေ ၃၀၀ နီးပါးမှာ ရုတ်တရက် အိုးအိမ်မဲ့ဖြစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အဆိုပါ လမ်းအတွင်း အိမ်ဖျက်ပေးရမည့် အိုးမဲ့အိမ်မဲ့ဖြစ်ကြရတော့မည့် မိသားစုများတွင် ကလေးသူငယ်များ၊ အခြေခံ ပညာကျောင်းသားကျောင်းသူများမှစတင်၍ အသက် ၆၅ နှစ်မှ ၇၀ နှစ်အတွင်းရှိ လမ်းမလျှောက်နိုင်တော့သည့် သက်ကြီးရွယ်အို အဘိုးအဘွားများအထိ ပါဝင်ကြသည်။
ထို့ပြင် သူငယ်တန်း (KG) မှသည် တက္ကသိုလ်ဝင်တန်း (Grade-12) အထိ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ယခုစီမံချက်ကြောင့် ပညာရေးတစ်ပိုင်းတစ်စနှင့် ကျောင်းနားရမည့်အရေး ကြုံတွေ့နေရသည်။
ကျန်ရှိသည့် လူဦးရေအားလုံးမှာလည်း ဆိုက်ကားနင်းခြင်း၊ ဈေးရောင်းခြင်းနှင့် နေ့စားလုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေးရသည့် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် အခြေခံလူတန်းစားများ ဖြစ်ကြသည်။
“လက်ရှိတွင် အာဏာပိုင်တွေက အစားထိုးနေထိုင်စရာ နေရာချထားပေးခြင်း သို့မ ဟုတ် လျော်ကြေးပေးခြင်းမျိုး လုံးဝ (လုံးဝ) မရှိဘဲ ဖျက်ခိုင်းနေခြင်းဖြစ်ရာ ပြည်သူများတွင် ယခုဖျက်ပေးရမည့် နေအိမ်မှအပ အခြားရွေးချယ်စရာနှင့် ပြောင်းရွှေ့နေထိုင်စရာ နေရာ လုံးဝမရှိတော့ပါ။ ယခုအတိုင်း ဆက်လက်ဖယ်ရှားပါက အဘိုးအဘွားများနှင့် ကလေးငယ်များပါမကျန် လမ်းဘေးကတ္တရာလမ်းပေါ်တွင် ဘဝပျက် ကပ်ဆိုက်ကြရတော့မည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်နေပါတယ်။”ဟု နေအိမ်ဖျက်ပေးရတော့မည့် ပြည်သူတစ်ဦးက ရှင်းပြသည်။
မြောက်ဥက္ကလပမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသော နေအိမ်ဖျက်ပေးရမည့် အမိန့်စာတွင် ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေးအတွက် မြောက်ဥက္ကလာပမြို့နယ်၊ သီတာချောင်းဘေး အများပြည်သူဆိုင်ရာ ချောင်းမြေပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖျက်သိမ်းပေးရန် အမိန့်ပေးထားသည်။
ယင်းအမိန့်စာကို ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် မြို့နယ်ရုံးမှ အကြောင်းကြားစာ ပေးပို့ခဲ့ဖူးပြီး ယခုအခါတွင်လည်း ခွင့်ပြုချက်မရှိဘဲ အများပြည်သူလမ်းနှင့် ရေမြောင်းပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပူးပေါင်းအဖွဲ့ဖြင့် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ် ကြောင်း အမိန့်စာတွင် အတင်းအကျပ် ခြိမ်းခြောက်ထားသည်။
ယင်းအပြင် သံဃာတော် ၁ ပါး သီတင်းသုံးနေသည့် ဘုန်းကြီးကျောင်းဆောင်နှင့် ဘုရားစေတီများကိုပါ ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာဏာပိုင်များဘက်က လာမည့် ဇွန်လ ၁၇ ရက်နေ့ကို နောက်ဆုံးထား ဖယ် ရှားပေးရန် သတ်မှတ်ထားပြီး အစားထိုးနေရာ လုံးဝမရရှိသဖြင့် တစ်နေ့လုပ်တစ်နေ့စား အခြေခံပြည်သူများမှာ ပြောင်းရွှေ့ရန် နေရာမရှိဘဲ လမ်းဘေးရောက်ရတော့မည့် ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရကြောင်း ဒေသပြည်သူများက ဆိုကြသည်။






