27.3 C
Yangon

ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဆွစ်ဇာလန်နှင့်ဥရောပနိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်လွတ် မြောက်ရေး အသက် ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြိုင်တူတောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၉

ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့တွင် ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြသော ဩစတြေးလျ၊ ကနေဒါ၊ ဆွစ်ဇာလန်နှင့် ဥရောပနိုင်ငံများမှ သံရုံးများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ ရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်နှင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ပြတ်ပြတ်သားသား လိုလား ချက်များကို ပြိုင်တူထုတ်ဖော် တောင်းဆိုလိုက်ကြသည်။

ရန်ကုန်ဆွစ်ဇာလန်သံရုံးက ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ၎င်းနှင့်အတူ မြန်မာ နိုင်ငံအတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အခြားအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အလေးအနက် ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်သည်။

အလားတူ ကနေဒါသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုဝင်များ၊ မြန်မာလူမျိုးများနှင့် ဝေးကွာကာ မတရားထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထောက်ပြပြီး၊ ၎င်းအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လုံလောက်သော ဆေးကုသမှု ခွင့်ပြုရန်၊ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုချက်များကို ယနေ့မွေးနေ့တွင် ပြန်လည်အသက်သွင်းလိုက်ကြောင်း ဆိုသည်။

ထိုအချက်များသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်ရှိပြီး ယုံကြည်စိတ်ချရသော၊ အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖြစ်ပေါ်လာစေရန် မရှိမဖြစ်လိုအပ်သော ခြေလှမ်းများဖြစ်သည်ဟု ကနေဒါနိုင်ငံက အခိုင်အမာ ပြောကြားသည်။

ထို့ပြင် ဩစတြေးလျအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားထိန်းသိမ်းခံ ထားရသူအားလုံးကို လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့များနှင့် လွတ်လပ်စွာတွေ့ဆုံခွင့်အပြင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အဝရရှိသင့်ကြောင်း ထောက်ပြသည်။

ဩစတြေးလျအနေဖြင့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်နေပြီး၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ကာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာအစိုးရများ၏ တောင်းဆိုချက်များအပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများကလည်း လူထုခေါင်းဆောင်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဒစ်ဂျစ်တယ်လှုပ်ရှားမှုများကို ပြိုင်တူပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးက ယနေ့မွေးနေ့ “နှင်းဆီလှုပ်ရှားမှု” အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းပုံစံဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ ပရိုဖိုင် (Profile Picture) ကို ပြောင်းလဲခဲ့ကြသလို၊ ဥရောပသမဂ္ဂ (EU) သံရုံးနှင့် ဂျာမနီသံရုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပုံရိပ်များဖြင့် ၎င်းတို့၏ ပရိုဖိုင်များကို အသီးသီး ပြောင်းလဲကာ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article