ရန်ကုန်၊ ဇွန် ၁၉
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၈ ရက်နေ့တွင် မွန်လွဲ ပိုင်းမှ စတင်၍ ညနေပိုင်းထိ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KNLA တပ်ရင်း ၂ဝ၃ တပ်ခွဲ ၄ ဦးဆောင်မှုဖြင့် KTLA ဗိုလ်ချူပ်မြအထူးတပ်ရင်း၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် ၁ တပ်ရင်း(PDF) ၊ ဘုတ်ပြင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၈ ရက်နေ့တွင်လည်း ချောင်းမွန်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၁ နာရီခန့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ ၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ထိတွေ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ စစ်ခွေး ၈ ကောင်သေဆုံးတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒီထက်မက တိုက်ပွဲတွေ ရှေ့ဆက်ပြီး ဖြစ်လာနိုင်ခြေ အလားအလာရှိပါတယ်” ဟု KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများသည် တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့များနှင့် သာသက်ဆိုင်ပြီး ဒေသပြည်သူများနှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း KNLA အမှတ် ၂ဝ၃ တပ်ရင်း၊ အမှတ် ၄ တပ်ခွဲက အသိပေး ပြောဆိုထားသည်။




