26.9 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းကိုင်၍ TikTok တွင် ဗီဒီယိုတင်ခဲ့သည့် အေးသာယာမြို့မှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးအမှုဖွင့်

Must read

ရန်ကုန်၊ ဇွန် ၁၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီသပိတ်လှုပ်ရှားမှုနှင့် ဆက်စပ်သည့် ဗီဒီယိုဖိုင်ကို TikTok လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရဲသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် “နွယ်နွယ်” အမည်ဖြင့် TikTok Account အသုံးပြုနေသည့် အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံ ဝတ်ဆင်ပြီး နှင်းဆီပန်းနီကို ကိုင်ဆောင်ကာ “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့ကြောင်း၊ ယင်းဗီဒီယိုနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အေးသာယာမြို့ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လူမှုကွန်ရက်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ လမ်းဆုံလမ်းခွများတွင် အသွင်ယူစောင့်ဆိုင်းခြင်းများ ပြုလုပ်ပြီးနောက် အဆိုပါအမျိုးသမီး၏ နေအိမ်သို့ သွားရောက်ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အေးသာယာမြို့ ရပ်ကွက် (၂)၊ နယ်မြေ (၁) တွင် နေထိုင်သူ မနွယ် (ခ) နွယ်နွယ် အသက် ၃၄ နှစ်ဖြစ်ကြောင်း သိရသည်။ ၎င်းထံမှ REDMI အမျိုးအစား လက်ကိုင်ဖုန်းကို သိမ်းဆည်းစစ်ဆေးရာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီသပိတ်လှုပ်ရှားမှုကို ရည်ရွယ်၍ AI နည်းပညာ အသုံးပြု ပြင်ဆင်ထားသည့် ဗီဒီယိုကို “နွယ်နွယ်” TikTok Account မှတစ်ဆင့် “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းနှင့်အတူ တင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

“အေးသာယာမြို့မှာ KTV နဲ့ မာဆတ်လုပ်ငန်းတွေ အများအပြား ဖွင့်လှစ်ထားပြီး ပြည်သူတွေ သွား လာနေထိုင်ရတာ အဆင်မပြေတဲ့ အခြေအနေတွေ ရှိနေပေမယ့် အဲဒီကိစ္စတွေကို အရေးမယူဘဲ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေကိုပဲ လိုက်လံဖမ်းဆီးနေတယ်” ဟု တောင်ကြီးမြို့မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် မနွယ် (ခ) နွယ်နွယ်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article