ရန်ကုန်၊ ဇွန် ၁၉
မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မွေးနေ့ဆုတောင်းခြင်းနှင့် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ နှင်းဆီပွင့်ဖတ်များနှင့်အတူ ပိုက်ဆံကြဲခြင်း၊ မွေးနေ့ဆုတောင်းခြင်း၊ တိုးနယား အကဖြင့် လှည့်လည်ခြင်းနှင့် နှင်းဆီလှုပ်ရှားမှုများကို ပြည်သူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်များကလည်း ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သက်ရှည်ကျန်းမာပါစေ၊ မတရားချုပ်နှောင်ခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနှင့် အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ထားကြောင်း သိရသည်။
ထို့ပြင် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အနောက်ခြမ်းဇုံ) ရဲဘော်များမှ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုနှင့် ဆုတောင်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။






