ရန်ကုန်၊ ဇွန် ၂၂
အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် အဖော်ဖြစ်စေရန် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် က ပေးအပ်ခဲ့သော အချစ်တော်ခွေးလေး တိုက်ချီတိုမှာ အသက် ၁၆ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း NLD သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော် ခွေးလေး တိုက်ချီတိုမှာ ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တိုက်ချီတိုလေးက မနေ့ည ၇ နာရီ ၁၅ မိနစ်မှာ ဆုံးပါတယ်။ အသက် ၁၆ နှစ်ပါ” ဟု NLD သတင်းရင်းမြစ်က ပြောဆိုသည်။
သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တိုက်ချီတိုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အဖော်ရစေရန် ပေးအပ်မွေးမြူစေခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုက်ချီတိုကို အမြဲအနားတွင် ထားရှိခဲ့သော် လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ခွေးလေးတိုက်ချီတိုမှာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။
လတ်တလော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အချစ်တော်ခွေးလေး တိုက်ချီတို ကွယ်လွန်သည်ကို သိရှိခြင်း မရှိသေးကြောင်း NLD သတင်းရင်းမြစ်က ဆိုသည်။
“အန်တီ ကျန်းမာရေးတော့ စိုးရိမ်တယ်။ သူ တော်တော် ဝမ်းနည်းနေမှာပဲ။ တိုက်ချီတိုကလည်း သခင်ကို မျှော်ရင်း ကွယ်လွန်သွားတာ” ဟု NLD သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး ဖမ်းဆီးထားကာ မတရား နှစ်ရည် ထောင်ဒဏ်များ ချမှတ်ထားသည့်အပြင် ပြင်ပမှ မည်သူနှင့်တွေ့ခွင့်မပေးဘဲ ချုပ်နှောင်ထားခြင်း ဖြစ်သည်။






