မော်လမြိုင်၊ ဇွန် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်လွှတ်တော်လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်သားသစ်စုဆောင်းရေး တာဝန်ယူထားသည့် ပျူစောထီး ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့၊ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်စေတီတော်သို့ ဘုရားဖူးသွားရောက်ခဲ့သည့် ပြည်နယ်လွှတ်တော်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ရဲတပ်သား ဇော်မင်းထွန်းသည် စေတီတော်ရင်ပြင်၌ တစ်ဦးတည်းရှိနေစဉ် အမည်မသိအမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၎င်းတို့နှင့်အတူ လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့သည်။
ရဲတပ်သားက မိမိသည် ရဲတပ်ဖွဲ့ဝင်ဖြစ်၍ မလိုက်နိုင်ကြောင်း ငြင်းဆန်ရာ ထိုအမျိုးသားများအနက် တစ်ဦးက ဗိုလ်မှူးဟု ပြောဆိုကာ ရဲတပ်သားအား နားရင်းရိုက်၍ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ကာ ဆိုင်ကယ်နှစ်စီးဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအမျိုးသား ၃ ဦးက ရဲတပ်သား ဇော်မင်းထွန်းအား ည ၈ နာရီအချိန်ခန့်တွင် ကျိုက္ခမီမြို့ရှိ ရေလုပ်သားပွဲစားဖြစ်သူ မတင်ဇာလွင်၏ နေအိမ်သို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ပြီး၊ ၎င်းတို့ပြောခိုင်းသည့်အတိုင်း စရံကြိုတင်ငွေ ၁၂ သိန်းကျပ် ထုတ်ပေးရန် တောင်းခံခိုင်းခဲ့သည်။
သို့သော် ရေလုပ်သားပွဲစား မတင်ဇာလွင်က အခြေအနေမှာ မူမမှန်ကြောင်း ရိပ်မိသဖြင့် ရဲတပ်သားကို ကျိုက္ခမီရဲစခန်းသို့ သွားရောက်ရန် ညွှန်ပြပေးခဲ့ရာမှ ဖြစ်စဉ်တစ်ခုလုံးကို ရဲစခန်းရှိ တာဝန်ရှိသူများက သိရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျိုက္ခမီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းကိုကိုဦး ဦးစီးသည့်အဖွဲ့က ပွဲစားမတင်ဇာလွင်၏ နေအိမ်သို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်သားအား ဖမ်းဆီးခေါ်ဆောင်လာသူများဖြစ်သည့် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် တင်သန်း၊ ကြာအင်းကျေးရွာအုပ်စုနေ အသက် ၄၆ နှစ်အရွယ် တင်မင်းထွဋ် နှင့် မြေနီကုန်းရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် ဖြိုးကိုကို တို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ၃ ဦးမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးများဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရားခံ ၃ ဦးကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဟွန်ဒါကလစ် (Honda Click 125) ဆိုင်ကယ်တစ်စီး၊ ဟွန်ဒါဝေ့ဗ် (Honda Wave 110) ဆိုင်ကယ်တစ်စီးနှင့် ဦးတင်သန်း အမည်ပါရှိသော တပ်မတော် စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်) ၏ တပ်သားသစ်စုဆောင်းရေးတာဝန် (အကူ) စိစစ်ရေးကတ်ပြားတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ပျူစောထီး ၃ ဦးအား ကျိုက္ခမီနယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) နှင့် ပူးပါင်းကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်




