26.9 C
Yangon

ဖူးခက်ရှိ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ထိုင်းစစ်တပ် ဝင်စီးရာ တရားမဝင် မြန်မာလုပ်သား ၆၂ ဦးနှင့် တရုတ်လုပ်ငန်းရှင် ၁၆ ဦး ဖမ်းဆီးခံရ၊ မဲဆောက်တွင်လည်း မြန်မာ ၄ ဦး ထပ်မံဖမ်းမိ

Must read

ရန်ကုန်၊ ဇွန် ၂၂

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်ရှိ အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ထိုင်းအမှတ် ၄ စစ်ဒေသဌာန ချုပ်အောက်ရှိ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၆၂ ဦးနဲ့အတူ တရုတ်လုပ်ငန်းရှင် ၁၆ ဦးတို့ကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၁၈ ရက်နေ့က ဖူးခက်ခရိုင်၊ ချန်းသလေးဒေသမှာရှိတဲ့ အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းကို ဒေသခံပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ ထိုင်းအမှတ် ၄ စစ်ဒေသဌာနချုပ်အောက်ရှိ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဝင်ရောက်စစ်ဆေးမှုအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၆၂ ဦးနဲ့အတူ ထိုင်းနိုင်ငံသားအမည်ခံပြီး တရားမဝင် စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အင်ဂျင် နီယာတွေနဲ့ လုပ်ငန်းခွင်ကြီးကြပ်သူ ၁၆ ဦးတို့ကို တွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၆၂ ဦးကို ထိုင်းနိုင်ငံအတွင်း တရားဝင် ခိုးဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်မှု၊ တရုတ်နိုင်ငံသား ၁၆ ဦးကိုတော့ ဗီဇာအမျိုးအစား မမှန်ကန်ဘဲ အလုပ်လုပ်ကိုင်မှုတို့နဲ့ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ချန်းသလေးရဲစခန်းကို လွှဲပြောင်းထားပါတယ်။

အဆိုပါအမှုတွေကို ဖူးခက်ခရိုင်တရားရုံးမှာ တရားစွဲဆို တင်ပို့သွားမှာဖြစ်ပြီး၊ တရားရုံးရဲ့ ပြစ်ဒဏ်စီရင်ချက်တွေ ကျခံပြီးပါက တရားမဝင် နိုင်ငံခြားသား လုပ်သားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်နှင်ထုတ်သွားမယ်လို့ သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းမှာရှိတဲ့ ဘန်ဟွေဟင်ဖုန် (Ban Huai Hin Fon) ပူးတွဲလုံခြုံရေးစစ်ဆေးရေးဂိတ်မှာလည်း တရားဝင် အထောက်အထားမရှိဘဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့က မဲဆောက်မြို့နယ် ဘန်ဟွေဟင်ဖုန် ပူးတွဲစစ်ဆေးရေးဂိတ်မှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက အရာရှိတွေနဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အတွင်း အသက် ၃၀ နှစ်ကနေ ၄၂ နှစ်ကြားရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးကို သံသယဖြစ်ဖွယ် တွေ့ရှိရတာကြောင့် ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးဟာ တရားဝင်ခရီးသွားလာခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာမရှိဘဲ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ခိုးဝင်လာတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ စွဲချက်တင်ထားပြီး၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက် လက် အရေးယူဖို့နဲ့ မြန်မာ နိုင်ငံကို ပြန်လည်နှင်ထုတ်နိုင်ဖို့အတွက် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article