26.9 C
Yangon

မိခင်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်ဆုံတွေ့ခွင့်မရဘဲ ကွယ်လွန်သွားသည့် အချစ်တော်ခွေးလေး တိုက်ချီတိုအတွက် အလွန်နာကျင်ရပြီး မိခင်ကို အမြန်ဆုံး လွတ်မြောက်ခွင့်ပေးရန် သားငယ် ကိုထိန်လင်း တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၂၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အချစ်တော် ခွေးလေး “တိုက်ချီတို” (Taichito)မှာ မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ခွင့်မရဘဲ ကွယ်လွန်သွားခြင်းအပေါ် အလွန်နာကျင်ရကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

ကိုထိန်လင်း၏ လူမှုကွန်ရက် ရေးသားချက်တွင် တိုက်ချီတိုလေးသည် မိခင်ဖြစ်သူအတွက် အဖော်မွန်တစ်ခုဆိုသည်ထက် ပိုပါကြောင်း၊ ခွေးလေး တိုက်ချီတိုသည်လည်း ၎င်းနည်းတူ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး၊ မိခင်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ဆိုသည်ကို မသိရှိခဲ့ရကြောင်း သူကဆိုသည်။

“မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ။ ကျွန်တော့်လိုပဲ သူ စောင့်နေခဲ့တယ်။ ကျွန်တော်လိုပဲ သူလည်း မေမေကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။ သူ မေမေကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်။” ဟု ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုထားသည်။

ကိုထိန်လင်းက ၎င်းကိုယ်တိုင်လည်း မိခင်ဖြစ်သူနှင့် မည်သည့်အချိန်တွင် ပြန်လည်တွေ့ဆုံခွင့်ရမည်ကိုလည်းကောင်း၊ ပြန်တွေ့ခွင့်ရော ရပါ့မလားဆိုသည်ကိုလည်းကောင်း မသိရသေးဘဲ စောင့်ဆိုင်းနေရကြောင်း ပြောဆိုထားသည်။

“သူက မေမေကို စောင့်ခဲ့တယ်။ ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။” ဟု ကိုထိန်လင်းက ဆိုသည်။

မိခင်ဖြစ်သူ အသက်ရှင်နေသေးပါက အမြန်ဆုံး ပြန်လည် လွတ်မြောက်ခွင့်ပေးသင့်ကြောင်း၊ မိသားစုနှင့်တွေ့ခွင့်ပေးသင့်ကြောင်း သူက တောင်းဆိုထားသည်။

“မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။ မေမေကို လွတ်မြောက်ခွင့်ပေးပါ။” ဟု သူ တောင်းဆိုသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော် ခွေးလေး တိုက်ချီတိုမှာ ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တိုက်ချီတိုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အဖော်ရစေရန် ပေးအပ်မွေးမြူစေခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article