26.9 C
Yangon

မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေး-မက်သဖက်တမင်း ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာဟု ကုလသမဂ္ဂ (UNODC) အတည်ပြုထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၂

မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေး-မက်သဖက်တမင်း ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)က နောက်ဆုံးအတည်ပြု ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား (Methamphetamine) ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ရှမ်းပြည်နယ်အတွင်း အခြေစိုက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကဆိုသည်။

UNODC ၏ “အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း ဓာတုမူးယစ်ဆေးဝါးများ- နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများ ၂၀၂၆” အမည်ရှိ အစီရင်ခံစာသစ်တွင် မြန်မာနိုင်ငံသည် ဒေသတွင်း ရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ရာဇဝတ်မှုများ၏ ဗဟိုချက်မအဖြစ် ကာလအတန်ကြာကတည်းက တည်ရှိနေခြင်းဖြစ်ကြောင်း အတည်ပြုဖော်ပြထားသည်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆေး (Richard Horsey) ကလည်း “လမ်းကြောင်းအားလုံးဟာ ရှမ်းပြည်နယ်ဆီကိုပဲ ဦးတည်နေပါတယ်။ အဲဒီဒေသမှာ သူတို့ (ရာဇဝတ်ဂိုဏ်းတွေ) က ဘာမဆို လုပ်လို့ရနေတဲ့အတွက် ဒါဟာ ပြီးပြည့်စုံတဲ့ မုန်တိုင်းတစ်ခုလို ဖြစ်နေပြီး၊ နိုင်ငံတော်အာဏာကတော့ အဲဒီအပေါ်မှာ သက်ရောက်မှု မရှိပါဘူး” ဟု သုံးသပ်ပြောကြားသည်။

အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းသည် ဒေသတွင်း မက်သဖက်တမင်း ထုတ်လုပ်မှု၏ အဓိကပင်မ အရင်းအမြစ်ဖြစ်ပြီး၊ နိုင်ငံတော်အာဏာ စုတ်ပြဲပြိုကွဲကာ ထိန်းချုပ်မှု အားနည်းနေသည့် နယ်မြေများဖြစ်ခြင်းကြောင့် ရာဇဝတ်ဂိုဏ်းများသည် လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မက်သဖက်တမင်း ချက်လုပ်သည့် လျှို့ဝှက်ဓာတ်ခွဲခန်း ၁၆ ခုအထိ မြန်မာ့အာဏာပိုင်များ၏ သတင်းပို့ချက်အရ သမိုင်းတစ်လျှောက် အများဆုံးအဖြစ် ဖမ်းဆီးရမိခဲ့သော်လည်း၊ ယင်းမှာ အဆမတန် များပြားလှသည့် ထုတ်လုပ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲ ရေတစ်စက်စာမျှသာ ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။

ယခုအစီရင်ခံစာတွင် ထူးခြားချက်အဖြစ် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကဏ္ဍသည် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (Scam)၊ ငွေကြေးခဝါချမှုလုပ်ငန်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများအထိ စနစ်တကျ ကွန်ရက်တစ်ခုတည်းအဖြစ် အပြန်အလှန် ပူးပေါင်းချိတ်ဆက် လုပ်ဆောင်လာခြင်း (Convergence) ပင် ဖြစ်သည်။

စုံစမ်းစစ်ဆေးသူများ၏ မြေပြင်တွေ့ရှိချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အကြီးစား မူးယစ်ဆေးဝါးချက်စက်ရုံများနှင့် တစ်ကီလိုမီတာပင် မဝေးသော နေရာများတွင် အွန်လိုင်းငွေလိမ်စခန်းများနှင့် ချိတ်ဆက်အသုံးပြုနေသည့် လက်ပ်တော့ကွန်ပျူတာများနှင့် စတာလင့်ခ် (Starlink) ဂြိုဟ်တုအင်တာနက် စက်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဒေသတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ စံချိန်တင်မြင့်မားနေသော်လည်း ဈေးကွက်အတွင်း စိတ်ကြွဆေးပြားဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေခြင်းက မြန်မာနိုင်ငံမှ ထွက်ရှိသည့် မူးယစ်ဆေးဝါးထောက်ပံ့မှု သံသရာသည် ယခင်ကထက် ပိုမိုအားကောင်းနေကြောင်း သက်သေပြနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ဒေသတွင်း မူးယစ်ဆေးဝါးဈေးနှုန်း အသက်သာဆုံး ဈေးကွက်ဖြစ်ပြီး စိတ်ကြွ ဆေးပြား (Crystal Meth) တစ်ဂရမ်လျှင် ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅.၅၅ ဒေါ်လာအထိ ဈေးနှုန်းထပ်မံကျဆင်းသွားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဓာတုမူးယစ်ဆေးဝါးများသည် အိမ်နီးနားချင်း ထိုင်းနိုင်ငံ (၁၅၉ တန် ဖမ်းဆီးရမိ) သာမက၊ ဈေးကွက်ကြီးများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများအထိပါ လေကြောင်းနှင့် ရေကြောင်းလမ်းများမှတစ်ဆင့် အကြီးအကျယ် ပျံ့နှံ့စိမ့်ဝင်လျက်ရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား- CNA ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article