ရန်ကုန်၊ ဇွန် ၂၅
ရန်ကုန်မြို့တွင် မေလအတွင်း ဖြစ်ပွားခဲ့သည့် အမေရိကန်သံတမန်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သေဆုံးသူမှာ Daniel Riva ဖြစ်ပြီး၊ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူမှာ ၎င်း၏ ဇနီးဟောင်း ထိုင်းနိုင်ငံသူ Pavinee Supasirivisan ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။
မေလ ၁၁ ရက်နေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Sakura Residence & Hotel တွင် ရန်ကုန်အခြေစိုက် အမေရိကန် သံတမန် Daniel Riva သည် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
လန်ဒန်အခြေစိုက် The Times သတင်းစာတွင်လည်း အမေရိကန်သံတမန် Daniel Riva နှင့် ပတ်သက်သည့် ပုံရိပ်အချို့ကို ဖော်ပြထားပြီး၊ ယင်းအမှုနှင့် ဆက်နွှယ်၍ Pavinee Supasirivisan ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဖော်ပြထားသည်။
သို့သော် Pavinee အား ယခုအချိန်ထိ လူသတ်မှုဖြင့် တရားဝင်စွဲချက်တင်ပြီး ပြစ်ဒဏ်ချမှတ်ထားခြင်းမရှိသေးဘဲ သံသယရှိသူအဆင့်ဖြင့်သာ စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။
ဇွန်လ ၂၃ ရက်နေ့တွင် Pavinee ကို ကမာရွတ်မြို့နယ်တရားရုံး၌ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။
ရှေ့နေ၏ ပြောကြားချက်အရ အဆိုပါ ရုံးချိန်းတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများအပါအဝင် တရားလိုပြသက်သေ ၃ ဦး ထွက်ဆိုခဲ့ကြပြီး၊ Pavinee အတွက် ဥပဒေကိုယ်စားလှယ် ၂ ဦး တက်ရောက်ခဲ့သော်လည်း ၎င်း၏ အပြစ်ရှိ/မရှိ ဝန်ခံချက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် Pavinee ကို စတင်တရားစွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မသည် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး၊ လူသတ်မှုစွဲချက်နှင့်ပတ်သက်၍ မည်သည့်အချိန်တွင် ဆက်လက်တရားစွဲဆိုမည်ကို မသိရသေးပေ။
အမေရိကန် သံတမန် Daniel Riva သေဆုံးမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သေဆုံးမှုကို အတည်ပြုထားသော်လည်း သေဆုံးသူနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်များကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဖမ်းဆီးခံထားရသူအတွက် ကောင်စစ်ရေးရာအကူအညီများ ပေးအပ်ထားကြောင်း အတည်ပြုထားသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
မြန်မာနိုင်ငံ တရားရုံးတွင်း သတင်းရယူခွင့်များမှာ ကန့်သတ်ထားသည့်အခြေအနေဖြစ်ပြီး၊ အာဏာပိုင်များကလည်း အမှုနှင့်ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်မှုများကို အကန့်အသတ်ဖြင့်သာ ပြုလုပ်နေကြောင်း သိရသည်။







