ရန်ကုန်၊ ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံ-မြဝတီလမ်းပိုင်းတွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီတပ်က ခရီးသည်တင်မော်တော်ယာဉ်များကို တားဆီးကာ လူငယ် ၃၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လမ်းခရီးသွားပြည်သူများနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ ဘားအံ-မြဝတီလမ်းပိုင်း၊ သာမညအနီးရှိ ကျားကလေးကျေးရွာထိပ်နှင့် ဘားအံတောင်ကြားလမ်းတို့တွင် စစ်ကောင်စီတပ်က ခရီးသွားကားများကို တားဆီး စစ်ဆေးကာ ကားပေါ်ပါ လူငယ်ပိုင်းများကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်း ဖြစ်သည်။
“ဒီနေ့ ဖမ်းတာပါ။ ဒီနေ့အပါအဝင် ဘားအံ-မြဝတီလမ်းပိုင်း သာမညအနီး ကျားကလေးကျေးရွာနားမှာ ခရီးသည်ကားတွေပေါ်ကနေ လူငယ်ပိုင်းတွေကို ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။ ဒီနေ့ဆိုရင် ကျွန်တော့်ကားပေါ်က ၄ ယောက် ပါသွားပါတယ်။ ကားတွေအားလုံး မေးကြည့်တော့ စုစုပေါင်း လူငယ် ၃၀ လောက် ပါသွားတယ်။ အခုပြောနေတုန်းမှာပဲ ဘားအံတောင်ကြားလမ်းရယ်၊ ကျားကလေးရွာထိပ်ရယ်မှာ ထပ်ဆွဲနေပြန်ပြီ။ ကားတွေ ရပ်ထားရတယ်၊ မဖြတ်ရဲကြဘူး” ဟု ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကူဖြူကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ မောင်ရီက စစ်မှုထမ်းကြေးအဖြစ် ကျေးရွာရှိ နေအိမ်များထံမှ ငွေကြေးများ အတင်းအဓမ္မ ကောက်ခံနေပြီး စစ်မှုထမ်းကြေးမထည့်သည့် အိမ်များကို ထောင်ချမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံပြည်သူများက ဖွင့်ဟလာကြသည်။
အိမ်ခြေ ၈၀ ခန့်နှင့် အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိ လူငယ် ၆၀ ကျော်ရှိသော အဆိုပါ ကူဖြူကျေးရွာတွင် အုပ်ချုပ်ရေးမှူး မောင်ရီသည် လွန်ခဲ့သည့် မေလအတွင်းကတည်းက လူငယ်ရှိသည့်နေအိမ်များကို တစ်အိမ်လျှင် ကျပ် ၁ သိန်း၊ လူငယ်မရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ကျပ် ၃ သောင်းနှုန်းဖြင့် စစ်မှုထမ်းကြေး လိုက်လံကောက်ခံခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဇွန်လ ၁၀ ရက်နေ့တွင် အဆိုပါအုပ်ချုပ်ရေးမှူးက ကျေးရွာရှိလူငယ်များကို စလင်းမြို့ပေါ်ရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) ရုံးသို့ ဆင့်ခေါ်ခဲ့ပြီး လူငယ်များ လာရောက်ခြင်းမရှိပါက မိဘများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ထောင်ချမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးက မေလတုန်းက စလင်းမြို့နယ် ကူဖြူကျေးရွာက ယောက်ျားလေးရှိရင် စစ်မှုထမ်းအဖြစ် နေအိမ်တစ်အိမ်ကို ၁ သိန်းကောက်ခံတယ်လို့ သိရတယ်။ လူငယ်တွေ မရှိတဲ့ နေအိမ်ဆိုရင် တစ်အိမ်လျှင် ၃ သောင်းနှုန်းနဲ့ ကောက်ခံတယ်။ အခုလ ဇွန်လ ၁၀ ရက်နေ့မှာတော့ အုပ်ချုပ်ရေးမှူးက ကျေးရွာမှာရှိတဲ့ လူငယ်တွေရှိတဲ့ နေအိမ်တွေကို စလင်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံးကနေပြီးတော့ ဆင့်ခေါ်နေတယ်လို့ သိရတယ်။ ထွေ/အုပ်ရုံးက ဆင့်ခေါ်တာကို လူငယ်တွေမလာရင် မိဘတွေကိုခေါ်တယ်။ လူငယ်တွေ ဆင့်ခေါ်တာကို မလာရင် ထောင်ချမယ်လို့ ပြောပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
ထို့အတူ ဇွန်လ ၁ ရက်နေ့မှစတင်၍ စလင်းမြို့နယ်၊ စေသူ့ရှင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းနိုင် အုပ်ချုပ်သည့် အနီးနားရှိ ကျေးရွာ ၉ ခုတွင်လည်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော လူငယ်ရှိသည့် နေအိမ်များကို စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၂၀,၀၀၀ စီ လိုက်လံကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- မြဝတီ- ကော့ကရိတ်အာရှလမ်း ပြန်ဖွင့်ပြီးနောက် ဖားချောင်းဂိတ်တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းအဖွဲ့က လုံခြုံရေးအကြောင်းပြ စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




