ရန်ကုန်၊ ဇွန် ၂၆
ဟောင်ကောင်နိုင်ငံမှ အသက် ၃၃ နှစ်အရွယ် အလှပြင်ဆိုင်ပိုင်ရှင် ပွန်ဆမ်ယီ (Poon Sum-yi) သည် အမျိုးသမီး ၂ ဦးကို အခမဲ့ခရီးစရိတ်၊ တည်းခိုခနှင့် ငွေကြေးအမြတ်အစွန်းများ ရရှိမည်ဟု လှည့်ဖြားခေါ်ဆောင်ကာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းထံ ရောင်းချခဲ့သည့်အမှုအတွက် ဟောင်ကောင်ခရိုင်တရားရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံလိုက်သည်။
တရားရုံးမှတ်တမ်းများအရ ပွန်ဆမ်ယီသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အလုပ်လက်မဲ့ဖြစ်နေသည့် ပန်ရှင်ယင်း (Peng Xinying) နှင့် အချိန်ပိုင်းမော်ဒယ် လျူပင်းပင်း (Liu Bingbing) တို့ကို ဂျပန် သို့မဟုတ် ကနေဒါနိုင်ငံသို့ အတူခရီးသွားရန် ဖိတ်ခေါ်ခဲ့ပြီး လေယာဉ်လက်မှတ်နှင့် တည်းခိုခအားလုံးကို ၎င်းက ကျခံပေးမည်ဟု ပြောဆိုခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံသို့ ည ၉ နာရီထွက်မည့် လေယာဉ်လက်မှတ်များ ဝယ်ယူထားကြောင်း၊ နောက်တစ်နေ့ညတွင် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပြင် ထိုင်းဘတ်ငွေ ၄၈ သန်းကို သယ်ဆောင်ပေးရုံဖြင့် ငွေကြေးဆုချီးမြှင့်မည်ဟုလည်း ကတိပေးခဲ့ကြောင်း သိရသည်။
လေယာဉ်မထွက်ခွာမီ သုံးနာရီခန့်အလိုတွင် ပွန်ဆမ်ယီသည် ပန်ရှင်ယင်းနှင့် ဟောင်ကောင်၊ မွန်ကောက်ဒေသရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံပြီး ၎င်းတို့နှစ်ဦးအကြား ပြောဆိုထားသည့် စာတိုမက်ဆေ့ချ်အားလုံးကို ပန်ရှင်ယင်း၏ ဖုန်းထဲမှ ဖျက်ခိုင်းခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။
အမျိုးသမီးနှစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိပြီးနောက် ဟိုတယ်သို့ ပို့ဆောင်မည်ဟု ယုံကြည်ကာ အဖြူရောင်ကားတစ်စီးပေါ် တက်ရောက်ခဲ့ကြသော်လည်း နောက်တစ်နေ့နံနက်တွင် ချင်းမိုင်မြို့ဘက်သို့ ခေါ်ဆောင်ခံနေရကြောင်း သိရှိခဲ့ရသည်။ ပွန်ဆမ်ယီက နောက်ထပ်လေယာဉ်ဖြင့် လိုက်လာမည်ဟု ပြောဆိုခဲ့သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်းမရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးနှစ်ဦးကို ထိုင်း-မြန်မာနယ်စပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဓားနှင့် တုတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၅ ဦးက ၎င်းတို့၏ ပစ္စည်းများကို သိမ်းယူကာ မြစ်တစ်စင်းကို ဖြတ်ကျော်၍ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ခဲ့သည်။
မြန်မာနိုင်ငံဘက်သို့ ရောက်ရှိချိန်တွင် စစ်ဝတ်စုံဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ၆ ဦးက ၎င်းတို့ကို နောက်ထပ်ယာဉ်တစ်စီးပေါ် တင်ဆောင်ကာ “သင်တို့ကို မြန်မာနိုင်ငံမှာ ရောင်းလိုက်ပြီ” ဟု ပြောဆိုခဲ့ကြောင်း တရားရုံးကြားနာမှုတွင် ဖော်ပြထားသည်။
ယင်းနောက် တရုတ်နိုင်ငံသားတစ်ဦးက အွန်လိုင်းကျားဖြန့်ငွေလိမ်စက်ရုံအတွင်း ၎င်းတို့ကို လက်ခံခဲ့ပြီး အမည်ပြောင် “Rabbit Chief” ဟုသာ သိရှိရသည့် ထိုသူက အမေရိကန်ဒေါ်လာ ၅ သိန်းကို ပြန်ပေးငွေအဖြစ် ပေးချေပါက သို့မဟုတ် နိုင်ငံရပ်ခြားရှိ ချမ်းသာသော တရုတ်လူမျိုးများထံမှ အလားတူပမာဏကို လိမ်လည်ရရှိအောင် လုပ်ပေးပါကသာ ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသမီးနှစ်ဦးကို လူမှုကွန်ရက်များမှတစ်ဆင့် ရှာဖွေနေသူများရှိကြောင်း ဂိုဏ်းခေါင်းဆောင်က သိရှိပြီးနောက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ ပေးချေပါက ပြန်လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး ငွေလိမ်ဂိုဏ်းတွင် ပိုမိုကြာရှည်စွာ နေထိုင်ရန် သဘောတူပါက ငွေပမာဏကို လျှော့ချပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် အမျိုးသမီးနှစ်ဦးအား မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်ပြုခဲ့ပြီး မိသားစုများက စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၅၈၅,၀၀၀ ကျော်ကို ပြန်ပေးငွေအဖြစ် ပေးချေခဲ့သည့်နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် လွတ်မြောက်ခဲ့ကာ သုံးရက်အကြာတွင် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ဟောင်ကောင်ရဲတပ်ဖွဲ့က ပွန်ဆမ်ယီကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေး မြန်းစဉ်အတွင်း ထွက်ဆိုချက်တစ်စုံတစ်ရာ မပေးခဲ့ကြောင်း သိရသည်။
အမှုကို စစ်ဆေးနေသည့် တရားသူကြီး Adriana Noelle Tse Ching က အလားတူအမှုတစ်ခုနှင့်ပတ် သက်၍ အယူခံတရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန် လိုအပ်သဖြင့် ပြစ်ဒဏ်ချမှတ်မည့်ရက်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်သို့ ရွှေ့ဆိုင်းထားကြောင်း သိရသည်။
ပွန်ဆမ်ယီသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက အာမခံငြင်းပယ်ခံထားရပြီး လက်ရှိအချိန်အထိ အချုပ်ထဲတွင် ထိန်းသိမ်းခံထားရသည်။ ဟောင်ကောင်ဥပဒေအရ လိမ်လည်မှုကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော်လည်း ခရိုင်တရားရုံးတွင် စီရင်ပိုင်ခွင့်အရ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိသာ ချမှတ်နိုင်ကြောင်း သိရသည်။




