24.9 C
Yangon

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်ရေး မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲမည်ဟု ကယန်းအမျိုးသားတပ်မတော်ပြော

Must read

ရန်ကုန်၊ ဇွန် ၂၆

စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးအတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ချစ်ကြည်ခိုင်မာစွာ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA) က အသိပေးကြေညာသည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့ ကျရောက်သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဖွဲ့စည်းတည်ထောင်ခြင်း ၄၈ နှစ်မြောက် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထိုသို့ ကယန်းအမျိုးသားတပ်တော်က ထည့်သွင်း ကြေညာလာခြင်းဖြစ်သည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလအစိုးရ၏ မဟာလူမျိုးကြီးဝါဒကျင့်သုံးမှုကြောင့် ဆုံးရှုံးခဲ့ရသည့် အမျိုးသားတန်းတူရေးအတွက် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်လာခဲ့သည့် သက်တမ်းရှည် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦးသည် ရပ်တည်ဖြတ်သန်းခဲ့သည့် ကာလတစ်လျှောက် အတက်အကျများနှင့် အခက် အခဲမျိုးစုံကို ဖြတ်သန်းခဲ့ရသော်လည်း မိမိတို့၏ ယုံကြည်ချက်ကို ခိုင်မာစွာ ဆက်လက်ကိုင်စွဲလျက် နွေဦးတော်လှန်ရေးတွင် အသက်၊ သွေးနှင့် ချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်နေခြင်းအပေါ် အလေးအနက် အသိအမှတ်ပြုကြောင်းလည်း KNA ၏သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် ကလလတသည် ၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြဿနာများကို လူမျိုးရေးအမြင်တစ်ခုတည်းဖြင့် မရှုမြင်ဘဲ လူတန်းစားတိုက်ပွဲအမြင်ကို လက်ခံယုံကြည်ကာ ယနေ့အချိန်အထိ လူမျိုးပေါင်းစုံပြည်သူများအတွက် ပြည်သူ့ဒီမိုကရေစီအလံကို ကိုင်စွဲထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ယင်းရပ်တည်ချက်ကို အစဉ်အမြဲ လေးစားအသိအမှတ်ပြုကြောင်း ကယန်းအမျိုးသားတပ်မတော်က ဆိုသည်။

ကလလတသည် တပ်ပေါင်းစုစိတ်ဓာတ်ကို အစဉ်တစိုက် လက်ခံယုံကြည်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဝင်လာခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကယန်းအမျိုးသားတပ်မတော်အတွက်လည်း စစ်ရေး၊ နိုင်ငံရေးကဏ္ဍများတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်နေသည့် လေးစားရသော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် ကယန်းအမျိုးသားတပ်မတော်အနေဖြင့် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ချစ်ကြည်ခိုင်မာ ရင်းနှီးစွာ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNA ၏ ဂုဏ်ပြုသဝဏ်လွှာတွင် အလေးပေး ပြောကြားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article