ရန်ကုန်၊ ဇွန် ၂၇
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး လုံးဝပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်မှ အစိတ်အပိုင်းများကို စစ်ကောင်စီတပ်က ဖြုတ်ယူကာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ သို့ စစ်ကားယာဉ်တန်းဖြင့် ပြန်လည်ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ်ကား ၇ စီးပါ ယာဉ်တန်း မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမပျူစောထီးကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် Mi-17 ရဟတ်ယာဉ်မှ အစိတ်အပိုင်းများကို ဖြုတ်ယူကာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။
ယင်းအပြင်ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြိုင်မြို့ စက်မှု ၂ အခြေစိုက် စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်ခု ထွက်ခွာလာပြီး ကုန်းရွာအနီးသို့ ရောက်ရှိလာသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အခုထွက်လာတဲ့ စစ်ကြောင်းက မြိုင်စက်မှု ၂ က ထွက်လာတာပါ။ Mi-17 နဲ့ လူ အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းစထွက်လာတာ ဖြစ်တယ်။ အခုချိန်ထိတော့ ကုန်းရွာနားမှာ ရောက်နေပြီး ကျေးရွာ ၃ ရွာက ပြည်သူတွေ အားလုံး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒေသခံများ၏ အဆိုအရ အဆိုပါ စစ်ကြောင်းမှာ မေလ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့များအတွင်း စက်မှု(၂) အနီးရှိ ကုန်းရွာမှ နေအိမ် ၂၀ ကျော်နှင့် ဝက်ပုတ်ကျေးရွာမှ နေအိမ် ၄၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်သည်ဟု သိရှိရသည်။
ထို့ပြင် တွင်းမကျေးရွာအခြေစိုက် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း သာစည်ကျေးရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ကျေးရွာမှ စိတ်ရောဂါဝေဒနာခံစားနေရသည့် အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော်နှင့် အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုထားသည်။





